“ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄) ခုနှစ်” အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ (၂၅) ရက်

     “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်” (World Immunization Week) အခမ်းအနားကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ Meeting Hall ၌ (၂၅-၄-၂၀၂၄)ရက်နေ့၊ နံနက် (၉:ဝဝ)နာရီတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ ကိုယ်စားလှယ်၊ အမှတ်(၂)တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) တပ်မှူး၊ ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ်၊ တပ်မှူး၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့မှတာဝန်ရှိပုဂ္ဂိုလ်များ နှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။

 

     အဆိုပါအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

ကမ္ဘာ့နိုင်ငံအသီးသီးမှာ နှစ်စဉ် ဧပြီလ နောက်ဆုံးရက်သတ္တပတ်ကို ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ် ကျင်းပလျက်ရှိရာ ယခုနှစ် (၂၀၂၄)ခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက် သတ္တပတ် အခမ်းအနားဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်း စတင်ခဲ့သည့် နှစ် (၅၀)မြောက်နှစ်ပတ်လည်ဖြစ်ကြောင်း၊

ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ “Humanly Possible: Saving lives through immunization” ဖြစ်ပြီး မြန်မာဘာသာဖြင့် “ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ ကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊

ကမ္ဘာတစ်ဝန်းလုံးတွင် ဝက်သက်ကာကွယ်ဆေး တစ်မျိုးတည်းအနေဖြင့် (၂၀၁၀)ခုနှစ်နှင့် (၂၀၁၈)ခုနှစ်အတွင်း သေဆုံးမှုပေါင်း (၂၃)သန်းခန့်ကို ဟန့်တားကာကွယ်ပေးနိုင်ခဲ့ကြောင်း၊ ဝက်သက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းအတွက် အမေရိကန် တစ်ဒေါ်လာအသုံးပြုတိုင်း ဝက်သက်ရောဂါဖြစ်ပွားမှုကြောင့် ကုသရာတွင် ကုန်ကျနိုင်သည့် စရိတ် (၇၆.၅) ဒေါ်လာကို လျှော့ချနိုင်သည့် (Return of Investment) ရှိကြောင်း ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးပေးခြင်းဖြင့် ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း (၂၀) ကျော်ကို ကာကွယ်ဟန့်တားနိုင်ကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ပြည်သူသန်းပေါင်း (၂၄)သန်းခန့်ကို ဆင်းရဲမွဲတေမှုမှ ကာကွယ် ပေးနိုင်ခဲ့ကြောင်း၊

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ယခုနှစ် ကမ္ဘာ့ကာကွယ် ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် (၂၄-၄-၂၀၂၄)ရက်နေ့မှ (၃၀-၄-၂၀၂၄)ရက်နေ့အတွင်း နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်များတွင် ရောဂါ (၁၃) မျိုးကို ကာကွယ်နိုင်သော ကာကွယ်ဆေးများ အသုံးပြု၍ သတ်မှတ်အသက်အရွယ်အတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး (၂၀၂၂)ခုနှစ်၊ နှစ်ဦးပိုင်းက စတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်နှင့် အမီလိုက်ကာကွယ်ဆေးထိုးအစီအစဉ်များ ချမှတ်၍ လုပ်ငန်းများအား ပြန်လည် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးလွှမ်းခြုံမှုအနေဖြင့် (၂၀၂၁) ခုနှစ်နှင့် နှိုင်းယှဉ်လျှင် (၂၀၂၃)ခုနှစ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု (၂)ဆကျော်ခန့် ပြန်လည် တိုးတက်လာခဲ့ပြီ ဖြစ်ကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာလမတိုင်မီက ရရှိခဲ့သည့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှု များ ပြန်လည်ရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ (၂၀၂၄)ခုနှစ်တွင် တစ်နိုင်ငံလုံး အမီလိုက်ကာကွယ်ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် အသက်(၅)နှစ်အောက် ကလေးများအား သတ်မှတ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရန် စီစဉ်လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းအပါအဝင် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လည်း ယခုထက်ပိုမိုတိုးတက်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ဒေသဆိုင်ရာ တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊

 

     နိုင်ငံတော်မှ နှစ်စဉ်ဝယ်ယူပံ့ပိုးပေးလျက်ရှိသော ကာကွယ်ဆေးများ အသုံးပြု၍ ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် အသက်အရွယ်အလိုက် အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးမှုခံယူခြင်းဖြင့် မိမိတို့၏ ရင်သွေးငယ်များကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကို ကာကွယ် နိုင်ကြောင်း သိရှိပြီး ထိုးနှံတိုက်ကျွေးပေးရန် တိုက်တွန်းလိုကြောင်း၊ ထိုသို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အဆိုပါရောဂါများ ကပ်အသွင်ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ် တားဆီးနိုင်မည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့်ကလေးငယ်များ တစ်ဦး တစ်ယောက်မကျန် ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။

     ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် အဖြစ် ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့်ပတ်သက်သော မှတ်တမ်းဗီဒီယိုအား ပြသပါသည်။

 

      ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့ ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များသည် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အနေဖြင့် ဒက္ခိဏသီရိမြို့နယ်၊ ရွှေသဲဖြူကျောင်းတိုက်တွင် အနယ်နယ်အရပ်ရပ်မှ ပြောင်းရွှေ့ရောက်ရှိနေထိုင်လျက်ရှိသော ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော အသက် (၁၅) နှစ်အောက် ကိုရင်၊ သီလရှင်နှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း (Special Immunization Activities) အား ကြည့်ရှုအားပေး၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ကျောင်းထိုင် ဆရာတော်နှင့် သံဃာတော်များအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့မှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပါသည်။ ထို့နောက် ဇေယျာသီရိမြို့နယ်၊ စည်ပင်သာယာကျေးလက်ကျန်းမာရေးဌာနသို့ ဆက်လက်သွားရောက်ပြီး အသက် (၅)နှစ် အောက်ကလေးများအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းအား ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ကြည့်ရှုအားပေး၍ ကလေးငယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags