ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ (၂၀၂၄) ခုနှစ် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် မေလ ၁ ရက်

     မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၏ (၂၀၂၄) ခုနှစ်၊ သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက Virtual စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ၊ ဒေါက်တာထင်ပေါ်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ်များရှိ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းဝင် ဆေးရုံများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။

 

      ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ်(၂/၂၀၂၄)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ဝန်ကြီး ချုပ်က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ပသို့သွားရောက်၍ ကျန်းမာ ရေးစောင့်ရှောက်မှုခံယူနေကြသဖြင့် ပြည်ပသုံးစွဲငွေများစွာ ကုန်ကျမှုရှိနေ၍ ပြည်တွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားထားမှုအပေါ် ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ပြည်သူ့ဆေးရုံများတွင် ခေတ်မီဆေးရုံသုံးစက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းကာ ကျန်းမာရေးဝန်ထမ်းများဖြင့် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများအနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ကာ ပြည်သူများ စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်မည့် ဘေးကင်းလုံခြုံမှုရှိသော ကျန်းမာရေးဝန်ဆောင်မှုဆောင်ရွက်နိုင်ရေး အားဖြည့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အရည်အသွေးပြည့် ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းလိုအပ်ချက်နှင့်အညီ ခေတ်မီဆေးရုံသုံးစက်ပစ္စည်း ကိရိယာများဖြည့်ဆည်းခြင်း၊ ဆေးရုံအဆောက်အဦများ လိုအပ်သလို ပြင်ဆင်မွမ်းမံခြင်း၊ သင့်လျော်သောကျန်းမာရေးစောင့်ရှောက်မှုပေးသူများ တာဝန်ပေးအပ်ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများဥပဒေနှင့်အညီ စည်းကမ်းတကျ နိုင်ငံတကာ အဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးဌာနအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ပုဂ္ဂလိကဆေးရုံ(၂၉၅)ရုံအား လုပ်ငန်းလိုင်စင်ခွင့်ပြုထားရှိပြီး အဆိုပါဆေးရုံများအားလုံး မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း အသင်းဝင်များဖြစ်စေရန် စည်းရုံးဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ဝန်ကြီးဌာနအနေဖြင့် နှိုးဆော်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လူနာများအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ပေးနေမှုများအတွက်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်းလိုင်စင်စည်းကမ်းများကို လိုက်နာရန်ပျက်ကွက်သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ သက်တမ်းရှိ သတ်မှတ်လိုင်စင်ရှိစေရေး၊ တည်ဆဲဥပဒေများနှင့် ငြိစွန်းထားသူများ မဖြစ်စေ‌ရေးအတွက် စိစစ် ဆောင်ရွက်လျက်ရှိသကဲ့သို့ အသင်းဝင်များကလည်း အလေးထားလိုက်နာ ဆောင်ရွက်စေလို ပါကြောင်း၊ ပုဂ္ဂလိက ဆေးရုံများအနေဖြင့် ပြည်တွင်းပုဂ္ဂလိက ဆေးဝါးထုတ်လုပ်သောစက်ရုံ များမှ ထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို ဦးစားပေးဝယ်ယူသုံးစွဲစေလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရေးကြီးမရှိမဖြစ်ဆေးဝါးများ စျေးကွက်အတွင်း စဉ်ဆက် မပြတ် လက်လှမ်းမီရရှိစေရေး၊ စျေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ အရည်အသွေးပြည့်မီစေရေး ပံ့ပိုး ကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးသည် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံ များအသင်း၏ သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေးဖြစ်သကဲ့သို့ (၂၀၂၄-၂၀၂၆)ခုနှစ် အတွက် ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်အသစ်များ ရွေးချယ်တင်မြှောက်ခြင်းဖြစ်၍ အသင်းအတွက် အမှန်တကယ် ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနိုင်မည့်သူများ ရွေးချယ်တင်မြှောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဥက္ကဋ္ဌအသစ်နှင့် အလုပ်အမှုဆောင်အသစ်များကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုပြီး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းနှင့် ပူးပေါင်းညှိနှိုင်းကာ လိုအပ်သည်များ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းအနေဖြင့် ကောင်းမွန်သော ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များဖြင့် ပုဂ္ဂလိကဆေးရုံများ၏ အရည်အသွေးကို ထိန်းသိမ်းမြှင့်တင်ကာ ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေးပြည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

      အဆိုပါဖွင့်ပွဲအခမ်းအနားကျင်းပပြီးနောက် နှစ်ပတ်လည်အစည်းအဝေးကို ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာများကို တင်သွင်းဖတ်ကြားကြပြီး (၂၀၂၄-၂၀၂၆)ခုနှစ် သက်တမ်းအတွက် ဥက္ကဋ္ဌ ဒေါက်တာအေးအေးစန်း ခေါင်းဆောင်သော အဖွဲ့ဝင်(၁၅)ဦးပါ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အား ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 
 
 

 

 

More Tags