ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး (13-1-2022)

နေပြည်တော်၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်
     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီး ဒေါက်တာသီတာလှ၊ ‌ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ အစည်းဝေးခန်းမဆောင်တွင် ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါကုသမှုအတွက် ဆေးရုံပြင်ဆင်ထားရှိမှု အခြေအနေနှင့်ပတ်သက်သော  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။


 

    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့် ဆေးရုံအုပ်ကြီးနှင့်တကွ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့သည် ကျန်းမာရေးဝန်ထမ်းများဖြစ်သည့်အလျောက် စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ပြည်သူလူထုအကျိုးကို ရှေ့ရှုလျက် စေတနာထားကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ နောက်ထပ်လှိုင်းမဖြစ်ပေါ်နိုင်အောင် ကာကွယ်ရေးအပိုင်းကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုး ပျံ့နှံ့လျက်ရှိပြီး မိမိတို့နိုင်ငံတွင်လည်း ပြည်ပမှပြန်လာသူများတွင် အိုမီခရွန်ပိုး စစ်ဆေးတွေ့ရှိနေပြီဖြစ်၍ ပြည်တွင်းကူးစက်ပြန့်ပွားမှုမရှိအောင် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသူ စုစုပေါင်း (၂၁)သန်းကျော်ရှိပြီး ဦးစားပေးအုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပမှ ဝင်ရောက်လာသူများအား အသွားအလာကန့်သတ်ထားရှိသည့် ဟိုတယ်များ/ ကွာရန်တင်းစင်တာများအနေဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ကြီးကြပ်သွားရမည် ဖြစ်ပါကြောင်း၊ ဆေးရုံများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ နောက်ထပ်လှိုင်း ဖြစ်ပွားလာပါက လူနာများ လက်ခံကုသနိုင်ရန် ဆေးရုံခုတင်များ၊ အထူးကြပ်မတ်ကုသဆောင်(ICU/HDU) ခုတင်များ၊ အောက်ဆီဂျင် လိုအပ်ချက်များကို တိုးချဲ့၍ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကုသမှုအတွက် ပြင်ဆင်ဆောင်ရွက်သကဲ့သို့ ဆေးရုံ၏ ပုံမှန်ဆေးကုသရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဆေးရုံ၏ ပုံမှန်ဆေးကု သမှုလုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိပါက ပြည်သူလူထုအနေဖြင့် ပြင်ပပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းများတွင် သွားရောက်ကုသရမည်ဖြစ်သဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအတွက် မိမိအိတ်ထဲမှ စိုက်ထုတ်သုံးစွဲငွေ (out of pocket expenditure) တက်လာမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုမျက်နှာကို ထောက်ရှု၍ အကောင်းဆုံး ဆောင်ရွက်စေလိုပါကြောင်း၊ ဆေးတက္ကသိုလ် ဘွဲ့လွန်သင်တန်းများနှင့် ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း(ခ) သင်တန်းများလည်း ဖွင့်လှစ်လျက်ရှိပြီး ဖွင့်လှစ်ရန်ကျန်ရှိသည့် ဆေးတက္ကသိုလ်သင်တန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်သောကြောင့် လိုအပ်လျက်ရှိသည့် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။


 

    ၎င်းနောက် ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှက သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် ဆေးရုံလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ ပါမောက္ခ/ဌာနမှူးများက ဌာနတစ်ခုချင်းစီအလိုက် လုပ်ငန်းဆောင်ရွက်မှု အသေးစိတ်အခြေအနေများကိုလည်း ကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

    ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အထူးကြပ်မတ်ကုသဆောင် (ICU) များတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊  အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ဌာန တွင် လူနာများအား ရောဂါရှာဖွေကုသနေမှုအခြေအနေနှင့် အစာအိမ်နှင့်အူလမ်းကြောင်းကြည့် မှန်ပြောင်းများအား ပိုးသန့်စင်မှုအခြေအနေကိုလည်းကောင်း၊ ကျောက်ကပ်သွေးသန့်စင်ဌာနတွင် နာတာရှည်ကျောက်ကပ်ရောဂါလူနာများအား ကျောက်ကပ်သွေးသန့်စင်မှုလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေနှင့် အရေးပေါ်ကျောက်ကပ်သွေးသန့်စင်မှု ဆောင်ရွက်နိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှု၍ စက်ပစ္စည်းများကို မပျက်စီးစေရေး စနစ်တကျထိန်းသိမ်းထားရှိရန် လမ်းညွှန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။


 

    သင်္ကန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာစုစုပေါင်း (၁၉၉)‌‌ယောက် တက်ရောက်ကုသလျက်ရှိပြီး နေ့စဉ်အရေးပေါ်နှင့်အထွေထွေပြင်ပလူနာ (၉၀)ကျော်နှင့် အထူးကုပြင်ပလူနာ (၉၀)ကျော်အား ကြည့်ရှုကုသပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား (၂၄)နာရီ အချိန်ပြည့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

More Tags