နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်၊ သွားနှင့်ခံတွင်းရောဂါအထူးကုဆေးရုံ၊ ခွဲစိတ်ကုသဆောင်တွင် Japan Heart အဖွဲ့မှ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဆရာဝန် Dr. Naoko KISHI နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင် ခေါင်းဆောင်သော သွားနှင့်ခံတွင်း ဆရာဝန် (၁၄) ဦးသည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၄)ဦးကို (၂၆-၁၀-၂၀၂၂)ရက်နေ့မှ (၂၇-၁၀-၂၀၂၂) ရက်နေ့အထိ အခမဲ့ခွဲစိတ်ကုသမှုများအား ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာဆောင်ရွက်ပေးခဲ့ရာ လူနာရှင်များ အနေဖြင့် ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေး ထိုးထားသော Japan Heart အဖွဲ့သည် ၂၀၀၄ ခုနှစ်မှစတင်၍ ဆေးပညာဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်၍ ပါမောက္ခ Dr. Mikihik KOGO ဦးဆောင်သော ဂျပန်နိုင်ငံမှ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ သွားနှင့်ခံတွင်းဆရာဝန် များတို့ပူးပေါင်း၍ ယခုအချိန်အထိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၃၀၀) ဦးခန့်အား အခမဲ့ ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သွားနှင့်ခံတွင်းရောဂါအထူးကုဆေးရုံ တွင် သွားနှင့်ခံတွင်းဆရာဝန်များမှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာရှင်များအနေဖြင့် ခွဲစိတ်ကုသမှုခံယူလိုပါက အဆိုပါ ဆေးရုံသို့ လာရောက်ပြသ၍ အခမဲ့ကုသမှုခံယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။