နေပြည်တော်၊ (၂၀၂၃) ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့
(၂၀၂၃) ခုနှစ် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)ရုံ၌ ယနေ့ နံနက် (၉:၀၀) နာရီတွင် ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင်- နှလုံးနှင့်သွေးကြောရောဂါများကြောင့် ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်လူဦးရေ (၂၀.၅) သန်းကျော် သေဆုံးလျက်ရှိပါကြောင်း၊ အဆိုပါ သေဆုံးမှုများရဲ့ (၈၅) ရာခိုင်နှုန်းဟာ နှလုံးသွေးကြော ပိတ်ခြင်းကြောင့် ရုတ်တရက်နှလုံးရပ်၍သေဆုံးခြင်း (Heart Attack) နှင့် ဦးနှောက်သွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်းတို့ကြောင့် သေဆုံးနေရခြင်းဖြစ်တာကို တွေ့ရှိရပါကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်တဲ့ အစားအသောက်များကို စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲခြင်း နှင့် အရက်အလွန်အကျွံသောက်သုံးခြင်းတို့သည် နှလုံးနှင့်သွေး ကြောရောဂါများ ဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများ ဖြစ်ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “နှလုံးအစဉ်ကျန်းမာဖို့၊ အသိသတိဖြင့် ဆင်ခြင်စောင့်ရှောက်စို့” ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လူမှုရေးဦးတည်ချက်ဖြစ်တဲ့ “တမျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ကို ပြည့်မီအောင် ဆောင်ရွက်ရာတွင် ပြည်သူတစ်ရပ်လုံးမှ မိမိတို့ကျန်းမာရေးကို အသိသတိဖြင့် ထိန်းသိမ်း စောင့် ရှောက်ရန်အချက်ဟာ လွန်စွာအရေးကြီးတဲ့အချက် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နှလုံးနှင့် သွေးကြောရောဂါများ အပါအဝင် အခြားမကူးစက်နိုင်သောရောဂါများ ဖြစ်ပွား သေဆုံးမှုကို လျှော့ချနိုင်ရေးအတွက် မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၃-၂၀၂၇) ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲအဆင့်မှစ၍ မကူးစက်နိုင်သောရောဂါများ စစ်ဆေးကုသနိုင်သည့် ဆေးခန်းပေါင်း (၇၄၇၆) ခု ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိပြီး ကုသမှုအတွက် လိုအပ်သော အခြေခံနှလုံး၊သွေးတိုး၊ဆီးချိုရောဂါများကုသသည့် ဆေးနှင့် ဆေးပစ္စည်းများကိုလည်း ပြည်သူများ အတွက်နိုင်ငံတော်မှ အခမဲ့ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် နှလုံးရောဂါလူနာများအတွက် ခေတ်မီ စက်ကိရိယာ၊ နည်းပညာများ အသုံးပြု၍ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများမှ ကုသမှုပေးလျက် ရှိပါကြောင်း၊ ခေတ်မီကုထုံးများနှင့် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရှေ့တောင်အာရှဒေသတွင်း အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံကြီးများတွင် နှလုံးအထူးကြပ်မတ်ကုသဆောင် (Coronary Care Unit)များဖွင့်လှစ်ရန်စီစဉ်သွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာသော နေထိုင် စားသောက်မှုပုံစံကို ကျင့်သုံးခြင်းဖြင့် နှလုံးနှင့်သွေးကြောရောဂါများ ဖြစ်ပွားမှုကို ကာကွယ်တာဆီးနိုင်ပြီး ရောဂါရှိ/ မရှိ ပုံမှန်စစ်ဆေး၍ ရောဂါတွေ့ရှိပါက အချိန်မီ ကုသမှု ခံယူခြင်းဖြင့် ရောဂါကြောင့် အရွယ်မတိုင်ခင် သေဆုံးမှုကို ကာကွယ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် ယခုနှစ် ဆောင်ပုဒ်အတိုင်း မိမိတို့ရဲ့နှလုံး ကျန်းမာရေးကို အစဉ်အသိ သတိဖြင့် ထိန်းသိမ်းစောင့် ရှောက်သွားဖို့လည်း လိုအပ်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြခန်းအား လှည့်လှည်ကြည့်ရှုခဲ့ပြီး နှလုံးကျန်းမာရေးစစ်ဆေးပေးခြင်း ဒုတိယနေ့ ဆောင်ရွက်နေမှုအား လှည့်လှည်ကြည်ရှု့အားပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုအဆင့်အဖွဲအစည်းနှင့် ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဥက္ကဌနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံနှလုံးဆေးပညာရှင်များအဖွဲ့မှ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခ/ဌာနမှူးများ၊ အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုအနေဖြင့် (၂၈-၉-၂၀၂၃) ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာနွယ်နွယ်မှ နှလုံးနှင့် သွေးကြောရောဂါအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ဆေးတက္ကသိုလ်(၂) ၊ ဆီးချိုနှင့် ဟော်မုန်းရောဂါဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာကိုကိုမှ ဆီးချိုသွေးချိုရောဂါအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာရဲဖြိုးမှ ဆေးလိပ်နှင့်ဆေးရွက်ကြီးဖြတ်ခြင်းအကြောင်း သိကောင်းစရာများကိုလည်းကောင်း ကျန်းမာရေးအသိ ပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်း (၃၅၀) ဦးအား Body Mass Index (BMI) တွက်ချက်ပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အချိုဓာတ်နှင့် အဆီဓာတ် စစ်ဆေးပေးခြင်း၊ ဆီးချိုသွေးချိုရောဂါအတွက် Hb A1c ဓာတ် တိုင်းတာပေးခြင်း၊ နှလုံးအားECG စက်ဖြင့် စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ရန်ကုန်ဆေးရုံကြီး၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာနွယ်နွယ် ဦးဆောင်သော နှလုံးအထူးကုဆရာဝန်ကြီးများ အဖွဲ့မှ လိုအပ်သော ကုသမှုများကို ဆောင်ရွက်ပေးခဲ့သည်။
နှလုံးကျန်းမာရေးစစ်ဆေးပေးခြင်းကို ဒုတိယနေ့အဖြစ် (၂၉-၉-၂၀၂၃) ရက်နေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်း (၃၅၀) ဦး အား စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး (၂)ရက်တာစုစုပေါင်း အရာထမ်း၊ အမှုထမ်း (၇၀၀) ဦးခန့်ကို နှလုံးကျန်းမာရေး စစ်ဆေးကုသမှုပေးခဲ့ပြီး လိုအပ်သည့်စမ်းသပ်စစ်ဆေးမှုများကိုဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။