နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ Medical Skill, Simulation and Research Center (MSSRC) ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံသွေးတိုးရောဂါ ပညာရပ်ဆိုင်ရာညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ယခုညီလာခံကို သွေးတိုးရောဂါကာကွယ်မည့်နည်းလမ်းများနှင့် ရောဂါရှာဖွေခြင်းများ၊ ပညာပေး အစီအစဉ်များ၊ နောက်ဆုံးပေါ်ကုထုံးများနှင့် လက်တွေ့ဖြေရှင်းရမည့်အချက်များကို ဆွေးနွေးဖြေရှင်း ကြရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်ဟုသိရှိရပါကြောင်း၊ သွေးတိုးရောဂါသည် အရွယ် မတိုင်မီ သေဆုံးမှုဖြစ်စေနိုင်သည့် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပြီး (၂၀၁၈)ခုနှစ်၊ ဆေးရုံ အခြေပြု သတင်းအချက်အလက်စနစ်၏ စာရင်းများအရ ဆေးရုံဆေးခန်းများတွင် ဖြစ်ပွားသော သေဆုံးမှု(Hospital Death) စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်သည် မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးရသည်ဟု တွေ့ရှိရပါကြောင်း၊ ရပ်ရွာများအတွင်းဖြစ်ပွားသောသေဆုံးမှု (Community Death) အချက်အလက်များ ပါဝင်ပါက ပိုမိုများပြားနိုင်ပါကြောင်း၊မြန်မာနိုင်ငံမှာလည်း STEPS survey(2014)အရ လူလေးယောက်မှာ တစ်ယောက်က သွေးတိုးရောဂါရှိနေကြောင်း တွေ့ရှိရပြီး(၂၀၂၄)ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့ပူးပေါင်း၍ STEPS survey ထပ်မံကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်း ရေးနှင့်ပတ်သက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်တစ်ခုဖြစ်သော သွေးတိုးရောဂါ အပါအဝင် မကူးစက်နိုင်သောရောဂါဖြစ်ပွားသေဆုံးမှုကို (၂၀၁၀)ခုနှစ်မှ (၂၀၃၀)ခုနှစ်အတွင်း (၃၃)ရာခိုင်နှုန်း လျှော့ချရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သွေးတိုးရောဂါနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများ ခံစားနေရသူများကို ပြည်သူ့ဆေးရုံများမှာ စစ်ဆေးကုသပေးလျက် ရှိသည့်အပြင် သွေးတိုးရောဂါ၏ နောက်ဆက်တွဲရောဂါများကို ထိရောက်လျင်မြန်စွာ ကုသပေးနိုင်ရေး၊ ခေတ်မီပုံရိပ်ဖော်စက်ကြီးများ၊ Stroke First Programme များဖြင့် ကုသပေးနိုင် မည့် ဆေးဝါးကောင်းများ၊ ကျောက်ကပ်သန့်စင်စက်များစသည်တို့ကို ထိရောက်စွာ ပံ့ပိုးပေးလျက် ရှိပါကြောင်း၊ ထို့ပြင် ပြည်သူလူထုအတွင်း သွေးတိုးရောဂါနှင့် ဆီးချိုသွေးချိုရောဂါများ ကြိုတင် ကာကွယ်ခြင်း၊ ကုသခြင်းလုပ်ငန်းများကို မြို့နယ်အသီးသီးရှိ ဒေသန္တရဆေးပေးခန်းများ၊ မိခင်နှင့် ကလေးဆေးပေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနများမှာ အထူးသဖြင့် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဆေးခန်းပေါင်း(၇,၅၁၆)ခု ဖွင့်လှစ်ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများက သွေးတိုး၊ ဆီးချိုရောဂါများကို စောစီးစွာရှာဖွေ စစ်ဆေးပေးခြင်းနှင့် (၁၀)နှစ်အတွင်း နှလုံးသွေးကြော ရောဂါဖြစ်နိုင်ခြေကို တွက်ချက်ပေးခြင်း၊ ကုသပေးခြင်း၊ အခမဲ့ဆေးဝါးများ ထောက်ပံ့ပေးခြင်း၊ လိုအပ် လျှင် လွှဲပြောင်းပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်စားသောက်ရမည့် နည်းလမ်းများနှင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ကို နမူနာသင်ကြား ပြသခြင်းများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်းများ၊ ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံမှ ထုတ်လုပ်သည့် သွေးတိုးရောဂါနှင့် ဆီးချိုသွေးချိုရောဂါ ကုသဆေးဝါးများကို ဝယ်ယူ၍ လူနာများကို ထောက်ပံ့ ပေးလျက်ရှိသည့်အပြင် ထပ်မံထုတ်လုပ်မည့် ဆေးဝါးအမယ်သစ်များအား အရည်အသွေး စစ်ဆေး၍ အသုံးပြုခွင့် ပြုနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သွေးတိုးရောဂါအပါအဝင် မကူးစက်နိုင်သော ရောဂါများကို ဖြစ်ပွားစေသည့်အကြောင်းရင်းများမှာ မျိုးရိုးဗီဇဆက်ခံမှု၊ အသက်အရွယ်ကြီးမြင့် လာမှုစသည့် ပြုပြင်ပြောင်းလဲ၍မရသော အကြောင်းအရာများ ပါဝင်သလို အဓိကအားဖြင့် ကျန်းမာရေးနှင့်မညီညွတ်သည့်အစားအစာများ စားသုံးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်း များသုံးစွဲခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းနှင့် ကိုယ်လက် လှုပ်ရှားမှု နည်းပါးခြင်းစတဲ့ ကြိုတင် ကာကွယ်နိုင်သည့် အကြောင်းအရာများကြောင့် ဖြစ်ပွားရခြင်း ဖြစ်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသင့်စား အစားအစာများတွင် အသွင်ပြောင်း ဆီနှင့် ဆားပါဝင်မှု လျှော့ချနိုင်ရေး၊ ပြည်သူလူထုအတွင်း ကိုယ်လက်လှုပ်ရှားမှု မြှင့်တင်ရေး၊ အရက် သောက်သုံးမှု လျှော့ချရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုထိန်းချုပ်ရေးအတွက် မူဝါဒများ ချမှတ်ပြီး နှီးနွယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမြင့်ဟန်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။ အဆိုပါညီလာခံတွင် မြန်မာနိုင်ငံမှ သွေးတိုးရောဂါဆိုင်ရာ ပါမောက္ခ/သမားတော်ကြီးများအပြင် ပြည်ပ ပညာရှင်များက ပါဝင်ဆွေးနွေးကာ ညီလာခံသို့တက်ရောက်သူ (၁၉၉)ဦး နှင့် online မှ တက်ရောက်သူ (၂၀၅)ဦး စုစုပေါင်း (၄၀၄) ဦးတက်ရောက်ခဲ့ကြပါသည်။