ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကျင်းပဆောင်ရွက်

နေပြည်တော်၊ (၂၀၂၄) ခုနှစ်၊ ဧပြီလ (၉) ရက်နေ့

     ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၉:၃၀) နာရီမှ မွန်းလွဲ (၁၂:၃၀) နာရီအထိ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဌ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ် နှင့် အသက်ရှူ လမ်းကြောင်းရောဂါ အစရှိတဲ့ မကူးစက်နိုင်သောရောဂါများဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပါကြောင်း၊ မကူးစက်နိုင်သောရောဂါများဖြစ်ပွားမှုမှာ ကပ်ရောဂါအသွင်အဖြစ် အလျင် အမြန် တိုးတက်များပြားလျက်ရှိပြီး ၎င်းရောဂါများကို ကုသရန်အတွက် ငွေကြေးမြောက်မြားစွာ သုံးစွဲနေရသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုင်းပြည်ဖွံဖြိုးတိုးတက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်စေသလို နိုင်ငံ၏ ကျန်းမာရေးစနစ်အပေါ်တွင်လည်း ကြီးမားသော ဝန်ထုပ် ဝန်ပိုး ဖြစ်စေပါကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးရွက်ကြီးစိုက်ပျိုးမှုနှင့် ဆေးလိပ် နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုကို စနစ်တကျ ကန့်သတ်ထိန်းချုပ်ဆောင် ရွက်လာသည့်အတွက် ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီးထွက်ပစ္စည်း စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပစ်မှတ်ထား၍ ရင်းနှီးမြှုပ်နှံလာကြသည် ကို တွေ့ရှိရပါကြောင်း၊ ဆေးရွက်ကြီးစိုက်ပျိုးရာတွင် ပိုးသတ်ဆေး နှင့် ဓာတ်မြေဩဇာ အလွန် အကျွံသုံးစွဲရသည့်အတွက် မြေဆီလွှာကို ပြုန်းတီးစေပြီး စိုက်ပျိုးမြေများကို ကန္တာရအသွင်ပြောင်း စေသည့်အတွက် အကျိုးဆက်အနေဖြင့် စားရေရိက္ခာရှားပါးမှုကို ပိုမိုဆိုးရွားစေပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေးအပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်းကို (၂၀၀၃) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး (၂၀၀၆) ခုနှစ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်း၍ လိုအပ်သောအမိန့်နှင့် ညွှန်ကြား ချက်များ ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေပါရည်ရွယ်ချက်များကို အကောင်အထည် ဖော်ရန်အတွက် ဗဟိုအဖွဲ့ကို ဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းတာဝန် ပေးအပ်ထား ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂၁-၁၂-၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၂၃ အရ ဗဟိုအဖွဲ့ အသစ်ကို အဖွဲ့ဝင် (၃၀) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဥပဒေပါ ရည်ရွယ်ချက်များကို ပိုမို မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက် သုံးမှုကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းရန် နှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးရန် လိုအပ်လျက်ရှိပါ ကြောင်း၊ ထို့ပြင် အသစ်ပေါ်ထွက်လာသည့် အီးစီးကရက်ကဲ့သို့သော အီလက်ထရောနစ် အငွေ့ရှူ စက်များသုံးစွဲမှုသည် ကျန်းမာရေးကိုထိခိုက်စေသည့်အတွက် လူငယ်များအနေဖြင့် အဆိုပါ အီလက် ထရောနစ်အငွေ့ရှူစက်များသုံးစွဲမှုမှ ကာကွယ်တားဆီးရန်အတွက် လိုအပ်သော မူဝါဒ၊ အစီအမံနှင့် ဥပဒေပြဋ္ဌာန်းချက်များ ချမှတ်ရန် လိုအပ်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ အတွေ့အကြုံများအရ ဆေးလိပ်ဈေးနှုန်းမြင့်လေ၊ သုံးစွဲမှုလျော့ကျလေဖြစ်သည့်အတွက် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းကိုလည်း အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

      ဆက်လက်၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြင့်မြင့်သန်းမှ ဗဟို အဖွဲ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းအကျဉ်းနှင့် ဥပဒေပါ ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်ဝတ္တရားများ နှင့်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာကျော်ကံကောင်းမှ ဆေးလိပ် နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆေးလိပ်နှင့်ဆေးရွက် ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝိုင်းဝန်ဆွေးနွေး အကြံပြုခဲ့ကြသည်။

 

      တင်ပြဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆွေးနွေး၍ အစည်းအဝေးမှ ဆုံးဖြတ်ချက်များ ချမှတ် ခဲ့ပြီး ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဌက နိဂုံးချုပ် အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။

 

      အဆိုပါ အစည်းအဝေးသို့ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

More Tags