အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း

နေပြည်တော် ဧပြီ ၁၇

ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ မြန်မာနှစ် ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို (၁၇-၄-၂၀၂၄)ရက်၊ (၁၅:၀၀) နာရီအချိန်တွင် ရုံးအမှတ်(၄)၊ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ ပျဉ်းမနားမြို့နယ်သံဃာ့နာယကအဖွဲ့ဝင်၊ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင် တိုက်၊ တိုက်အုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တအာသဘ အမှူးပြုသော ဆရာတော် အရှင်သူမြတ်များ၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဇနီး ဒေါ်မာဝင်းခိုင်၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ကျန်းမာရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီး/ခင်ပွန်းများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။


 

ပထမဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီးနောက် အုန်းတော ပရိယတ္တိစာသင်တိုက်၊ တိုက်အုပ်ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တအာသဘထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဇျယ်တော်မူသော ပရိတ်တရား တော်များကို နာယူကြသည်။


 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ထံ ဆွမ်းဆန်တော်၊ ဆီ၊ သင်္ကန်းနှင့်တကွ ဒါတဗ္ဗဝတ္တုအစုစု တို့ကို ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တအာသဘထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။


 

 


 

 

 

More Tags