ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၉

     ကျန်းမာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ကြီးမှူးကျင်းပသော (၁၁)ကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Hotel Max ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်‌‌ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

     ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင်-

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ဦးတည်ချက်(၉)ရပ်တွင် လူမှုရေး ဦးတည်ချက်တစ်ခုဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို လုံလောက်စွာ လေ့ကျင့်မွေးထုတ်နိုင်ရေး သာမက အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာ၏ ဆေးပညာသင်ကြားရေးအဆင့်အတန်း၊ စံနှုန်းစံညွှန်းများနှင့် ကိုက်ညီစေရေးကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ‌ မွေးထုတ်ရန်အတွက် တက္ကသိုလ်(၁၇)ခု၊ သူနာပြု/သားဖွား/နှီးနွှယ်သင်တန်းကျောင်း(၅၃)ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ သင်ကြားရေးပိုင်းတွင်လိုအပ်သော ခေတ်မီနည်းပညာမြင့်၊ အရည်အသွေးမြင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊ အခြေခံအဆောက်အဦများနှင့် သင်ကြားရေးဆေးရုံများ အဆင့်မြှင့်တင်ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆေးတက္ကသိုလ်များနှင့်သူနာပြုတက္ကသိုလ် များတွင် ရလဒ်အခြေပြုသင်ရိုးညွှန်းတမ်း (Outcome-Based Curriculum) ဖြင့် သင်ကြားလျက်ရှိပြီး၊ ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှု (Inter-Professional Education)နှင့် ဆေးပညာကျင့်ဝတ် (Professional Ethics) ပိုင်းဆိုင်ရာတို့ကိုပါ ထည့်သွင်းသင်ကြားပေးလျက် ရှိပါကြောင်း၊ ထို့အပြင် ဘွဲ့လွန်ဆေးပညာသင်တန်း(၁၄၁)ခုကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး၊ ပြည်ပပညာသင် ကာလတို၊ ကာလရှည် သင်တန်းများ တက်ရောက် နိုင်ရေးအတွက်လည်း စီမံဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယနေ့ Education 4.0၊ ပညာရေးရဲ့ ဒစ်ဂျစ်တယ်ခေတ်ကာလမှာ ဉာဏ်ရည်တုနည်းပညာ Artificial Intelligence(AI)ကို ဆေးပညာ သင်ကြားရေး၊ ရောဂါရှာဖွေကုသရေးနှင့်သုတေသန နယ်ပယ်များတွင် ကျယ်ပြန့်စွာအသုံးပြုနေကြပြီး၊ ဆရာ/ဆရာမများအနေဖြင့် ဆေးပညာရပ်နှင့် နည်းပညာတိုးတက်မှု နှစ်ခုပေါင်းစပ်၍ ဆေးပညာ သင်ကြားရေးကို ပိုမိုတိုးတက်စေရန် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဒီနေ့ကျင်းပတဲ့ ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲကို KG+12 ပညာရေးစနစ်သစ်အရ ဘွဲ့ကြိုသင်တန်း အသီးသီး၏ သင်ရိုးညွှန်းတမ်းများ ပြန်လည်သုံးသပ်ပြင်ဆင်ရေးနှင့် ဘွဲ့လွန်ဆေးပညာသင်ကြားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ခေတ်ကာလ ပြောင်းလဲတိုးတက်မှုနှင့်အညီ ပြန်လည်သုံးသပ် ပြင်ဆင်ရေး ဆွေးနွေးကြမှာ ဖြစ်ကြောင်း၊

 

     နိဂုံးချုပ်အနေဖြင့် ယနေ့ကျင်းပတဲ့ ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲမှာ ပညာရှင်များ အားလုံး စုပေါင်းဆွေးနွေးအကြံပြုကြတဲ့ရလဒ်များမှ ပိုမိုပီပြင်စနစ်ကျသော ဆေးပညာ သင်ကြားရေး စနစ်နှင့် စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များပေါ်ထွန်းလာစေခြင်းဖြင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သော ဆေးပညာရှင်များ လေ့ကျင့်မွေးထုတ် ပေးနိုင်ပါစေကြောင်း ဆန္ဒပြု တိုက်တွန်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် နှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းက ဆေးပညာ သင်ကြားရေး နှီးနှောဖလှယ်ပွဲကျင်းပနိုင်ခဲ့မှု အခြေအနေများ၊ ယနေ့မျက်မှောက်ခေတ် ဆေးပညာသင်ကြားရေး၏ ပြောင်းလဲတိုးတက်နေမှုများနှင့် (၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲ ကျင်းပသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာဖွင့်လှစ်ခဲ့ပါသည်။

     ထို့နောက် နှီးနှောဖလှယ်ပွဲ ပထမနေ့ အစီအစဉ်များကို သက်ဆိုင်ရာ တက္ကသိုလ်အစုအဖွဲ့ (Syndicate)အလိုက် ဆက်လက်ကျင်းပရာ ‌နံနက်ပိုင်း ဆေးပညာရပ်ဆိုင်ရာ(ဘွဲ့ကြို)အစုအဖွဲ့ (Medical Syndicate (Undergraduate)) တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း)၊ ပါမောက္ခဒေါက်တာဖေသက်ခင်နှင့် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာ ခင်မောင်အေးတို့က သဘာပတိများအဖြစ် ဆောင်ရွက်ပြီး KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသား/‌ကျောင်းသူများ အတွက် ဆေးတက္ကသိုလ်များ၏ ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းများနှင့် ဆန်းစစ်မှုစနစ်များ သုံးသပ်ပြင်ဆင်ရေးအတွက် ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာ ကြသူများက အသေးစိတ် ဝိုင်းဝန်းဆွေးနွေးကြပါသည်။

 

     ထို့နောက် မွန်းလွဲပိုင်းအစီအစဉ်များကို ဆက်လက်ကျင်းပရာ ဆေးပညာရပ်ဆိုင်ရာ(ဘွဲ့လွန်) အစုအဖွဲ့ (Medical Syndicate (Postgraduate)) တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ဒေါက်တာတင်တင်လေး နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာအေးအောင်တို့က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဘွဲ့လွန်ဆေးပညာ သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများ၊ သင်တန်းကာလများ၊ ဆန်းစစ်မှုစနစ်များ၊ စည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ခေတ်နှင့်လျော်ညီစွာ ပြုပြင်သင့်သည်များကို ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြပါသည်။

 

     တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအစုအဖွဲ့ (Traditional Medicine Syndicate) တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ပါမောက္ခဒေါက်တာ သန်းမြင့်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးတို့က သဘာပတိအဖြစ် ဆောင်ရွက်ပြီး တိုင်းရင်းဆေးပညာ ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းများအတွက် ပြုပြင် သင့်သည်များနှင့် တိုင်းရင်းဆေး ပညာပါရဂူဘွဲ့သင်တန်း ဖွင့်လှစ်နိုင်ရေးတို့အတွက် တင်ပြဆွေးနွေး ခဲ့ပြီး တက်ရောက်လာကြ သူများက တက်ကြွစွာ ပါဝင်ဆွေးနွေးကြပါသည်။

 

     အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ဒုတိယဆေးဝန်ထမ်းညွှန်ကြားရေးမှူး၊ ဆေးနှင့်ဆေးနှီးနွှယ်ကောင်စီ/ အသင်းအဖွဲ့ များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် သင်ကြားရေးဆရာ/ဆရာမများ၊ အငြိမ်းစားပညာရှင်ကြီးများနှင့် အထူးဖိတ်ကြား ထားသောပုဂ္ဂိုလ်များ၊ ဆေးပညာရှင် စုစုပေါင်း (၃၆၂) ဦး တက်ရောက်ကြပြီး၊ ယခု နှီးနှောဖလှယ်ပွဲကို (၃၀-၇-၂၀၂၄)ရက်နေ့အထိ နှစ်ရက်တာကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

 
 

More Tags