ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပြည်သူ့ဆေးရုံ၊ တပ်ကုန်းမြို့နှင့် တပ်ကုန်းမြို့အတွင်း ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု ကြည့်ရှုစစ်ဆေး

 
 
 
 
 

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ပြည်ထောင်စု ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရေဘေးကယ်ဆယ်ရေး စခန်းများ၌ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

     ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲသည် ပြည်သူ့ဆေးရုံ၊ တပ်ကုန်းမြို့သို့ သွားရောက်ကာ ဆေးရုံအတွင်း လှည့်လည်၍ ကျန်းမာရေးဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေ၊ ပြည်သူ့ဆေးရုံ၌ ပြင်ပလူနာဌာနသို့ လာရောက်ပြသသော လူနာများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ၊ ရေဝင်ရောက်ခဲ့သော လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် ဆေးရုံသုံးစက်ပစ္စည်းများအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေမီး အမြန်ဆုံး ပြန်လည်ရရှိ၍ ဆေးရုံလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ရေးကို ဆွေးနွေးမှာကြားခဲ့ပြီး ဆေးရုံဝန်ထမ်းများ အဆင်ပြေစွာနေထိုင်စားသောက်နိုင်ရေး လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် မီးသတ် တပ်ဖွဲ့ဝင်များအား ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ယခင် ခုတင်(၅၀) ပြည်သူ့ဆေးရုံအဆောင်ဟောင်းတွင် အတွင်းလူနာ ကြည့်ရှုကုသနေမှုအခြေအနေများအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ အထက (၁) ၌ ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူ (၃၉၂၅)ဦး၊ ငွေတောင်တောရ ကျောင်းရှိ ရေဘေးသင့်ပြည်သူ (၆၂၀)ဦးတို့အား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက ရေဘေးရှောင် စခန်းများတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ လုံလောက်စွာ ထောက်ပံ့ပေးနိုင်ရေး၊ (၂၄)နာရီအချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ အစာမစားမီနှင့် အိမ်သာမှအထွက်တွင် စနစ်တကျ လက်ဆေးနိုင်ရေး၊ သန့်စင်သည့်ရေကို သောက်သုံးနိုင်ရေး၊ သောက်ရေတင်မကဘဲ သုံးရေ လုံလောက်စွာ ရရှိရေးအတွက်လည်း စီစဥ်ဆောင်ရွက်စေရေး၊ ယင်လုံအိမ်သာ စနစ်တကျ သုံးစွဲနိုင်ရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ အစားအစာများကို သန့်ရှင်းစွာနှင့် ပူပူနွေးနွေး စားသုံးနိုင်ရေး၊ အမှိုက်များကို အဖုံးပါသည့် အမှိုက်ပုံးများတွင် စနစ်တကျ စွန့်ပစ်နိုင်ရေး၊ ကူးစက် ရောဂါများ ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးရေးနှင့် ဆေးရုံသို့ လွှဲပြောင်းကုသရန် လိုအပ်သည့် လူနာများကို အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းကုသနိုင်ရေးတို့ကို မှာကြားပြီး Emergency Medical Kitများ၊ ရေသန့်ဆေးပြားများနှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေးဝန်ထမ်းများအားလည်း ချီးမြှင့်ငွေများ ပေးအပ် ခဲ့ပါကြောင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

More Tags