ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း တတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခြင်း

 
 
 

     မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း တတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေးကို စက်တင်ဘာလ ၁၅ ရက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ အချိန်တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံဆေးကောင်စီ နာယက ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် နာယက အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ခင်မောင်အေးနှင့် ကောင်စီဝင်များ တက်ရောက်ကြပါသည်။

     ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် (၂၀၂၁) ခုနှစ်မှ (၂၀၂၄) ခုနှစ် ၃နှစ်တာကာလအတွင်း လိုအပ်သည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှမွေးထုတ်ပေးသည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ၏ (Professional Ethics) ကျင့်ဝတ်ပိုင်းဆိုင်ရာများကို သက်ဆိုင်ရာကောင်စီများက ထိန်းကျောင်းပေးရန်အရေးကြီးပါကြောင်း၊ ကုသရေးအပိုင်းတွင်လည်း နိုင်ငံတော်၏ မူဝါဒဖြစ်သည့် “ဆေးရုံတိုင်းတွင်ဆရာဝန်ရှိရမည်” ဆိုသည့် မူဝါဒအတိုင်း ဆရာဝန်များ ဖြည့်ဆည်းခြင်း၊ ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ဝန်ထမ်းများ ဖြည့်ဆည်းခန့်အပ်ခြင်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ဆိုင်ရာစက်ကိရိယာများ အဆင့်မြှင့်တင်ဖြည့်ဆည်းခြင်း၊ ဆေးဝါးများအလုံအလောက် ဝယ်ယူဖြည့်တင်းပေးခြင်းဖြင့် ပြည်သူများ စိတ်ချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည့်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွင်လည်း ရောဂါကာကွယ်နှိမ်နင်းရေး၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် အစားအသောက်နှင့် ဆေးဝါးမှတ်ပုံတင်ခြင်း လုပ်ငန်းများကို online စနစ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီအပါအဝင် သက်ဆိုင်ရာ ကောင်စီအသီးသီး၏ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ရှိပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အမည်မည်းစာရင်း သွင်းထားသည့် ကျန်းမာရေးဝန်ထမ်းများကို အမည်မည်းစာရင်းမှ ပယ်ဖျက်ခြင်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ် သက်တမ်းသည် ယခုနှစ်ကုန်ပိုင်းတွင် ကုန်ဆုံးမည်ဖြစ်ပါသဖြင့် တတိယလေးနှစ်သက်တမ်းအတွက် ကောင်စီဝင်များ ရွေးချယ်တင်မြှောက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံဆေးကောင်စီ သက်တမ်း အသစ်အတွက် ရွေးချယ်ရာတွင် မြန်မာနိုင်ငံဆေးကောင်စီအတွက် ကောင်းမွန်သော လက်ဆင့်ကမ်းမှုဖြစ်ရန်အတွက် တိုင်ပင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားပါသည်။

     မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌက မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် ဆရာဝန်မှတ်ပုံတင်ခြင်း၊ ဆေးကုသခွင့်လိုင်စင်များ သက်တမ်းတိုးခြင်း၊ အထူးဆေးကုသခွင့်လိုင်စင်ခွင့်ပြုခြင်း၊ ယာယီသိမ်းဆည်း ထားသည့် ဆေးကုသခွင့်လိုင်စင်များ ပြန်လည်ထုတ်ပေးနေမှုအခြေအနေများ၊ Continuing Professional Development for Medical Doctors နှင့်ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေနှင့် Medical School Accreditation ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပါသည်။

      ဆက်လက်၍ ကောင်စီဝင်ဒေါက်တာရဲမြက စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေးနှင့်ပတ်သက်၍ စီစဉ်ထားရှိမှုများကိုရှင်းလင်းပြောကြားပါသည်။

     ဆက်လက်ပြီး တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးဌာနမှူးများ၊ ကောင်စီဝင်များမှ သိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးကောင်စီ နာယက ပါမောက္ခဒေါက်တာအက်စ်ကျော်လှတို့မှ ပြန်လည်ဆွေးနွေး ပြောကြားပါသည်။

    ဆက်လက်၍ မြန်မာနိုင်ငံဆေးကောင်စီမှ အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွက် ကျပ်သိန်း(၁၅၀)နှင့် ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေ ကျပ်သိန်း(၁၅၀) စုစုပေါင်းသိန်း(၃၀၀)ကိုလည်းကောင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီက အမျိုးသားသဘာဝဘေး ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွက် (၂၅)သိန်းနှင့်ရေဘေးသင့် ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေ ကျပ်သိန်း(၅၀) စုစုပေါင်း(၇၅)သိန်းကိုလည်းကောင်း၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်က ရေဘေးသင့် ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေ ကျပ်(၈၆)သိန်း(၄)သောင်းကျပ်ကိုလည်းကောင်း လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးကလက်ခံရယူပြီး မှတ်တမ်းတင်ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးအပ်ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးအား မွန်းလွဲ ၁:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

.

More Tags