ကျန်းမာရေးဝန်ကြီးဌာန၊ဆေးတက္ကသိုလ်နှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ဆေးတက္ကသိုလ်နှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘောလုံး အားကစားကွင်း၌ယနေ့မွန်းလွဲ၃နာရီခွဲတွင်ကျင်းပပြုလုပ်သည်။
     အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ၊ ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
     ဗိုလ်လုပွဲတွင် ဆေးတက္ကသိုလ်(၂)၊ ရန်ကုန် အသင်းနှင့် ဆေးတက္ကသိုလ်၊ မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး (၂)ဂိုးစီ သရေဖြစ်သဖြင့် အချိန်ပို (၁၅)မိနစ်စီ အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင်ကစားကြရာ ဆေးတက္ကသိုလ်၊ မကွေးအသင်းက (၂)ဂိုး (၄)ဂိုးဖြင့် အနိုင်ရရှိသည်။ ဆက်လက်၍ဆုပေးပွဲ အခမ်းအနားကိုကျင်းပရာ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆု၊ နှစ်သိမ့်ဆု၊ တတိယဆုများအား ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများက ငွေသားဆုများကို လည်းကောင်း၊ ဒုတိယဆုရရှိသည့်အသင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပထမဆု ရရှိသည့်အသင်းအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက တံခွန်စိုက်ဖလားနှင့် ငွေသားဆုကိုလည်းကောင်း အသီးသီးဆုများ ချီးမြှင့်ကြသည်။

     အဆိုပါဘောလုံးပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်တွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဘောလုံးအသင်း တစ်သင်း အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ကျောင်းသားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊ ဘောလုံးအားကစားနည်းတွင် ပိုမိုစိတ်ဝင်စားကြစေရန်နှင့် ကျန်းမာကြံ့ခိုင်မှု ရရှိစေရန်အတွက် ဇုန်(၂)ဇုန်ခွဲ၍ ကျင်းပပြုလုပ်ရာ ဇုန်(၁) အုပ်စုပွဲစဉ်များကို (၂၁-၈-၂၀၂၄) မှ (၂၅-၈-၂၀၂၄)ရက်နေ့အထိ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌လည်းကောင်း၊ ဇုန်(၂) အုပ်စု ပွဲစဉ်များကို (၂၃-၉-၂၀၂၄) မှ (၂၅-၉-၂၀၂၄) ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌လည်းကောင်း၊ အကြိုဗိုလ်လုပွဲများကို (၃၀.၉.၂၀၂၄) ရက်နေ့တွင်လည်းကောင်း တတိယနေရာလုပွဲကို ယနေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုညနေပိုင်းတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

More Tags