ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် Gavi SEARO WPRO Constituency Meeting အား တက်ရောက်၍ ဆွေးနွေးပြောကြားခြင်း

 
 
 
 
 
 
 
 
 

နေပြည်တော်၊ အောက်တိုဘာလ ၁၄

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့၊ ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး H.E Budi Gunadi Sadikin ဦးဆောင်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသ (SEARO) နှင့် အနောက်ပစိဖိတ်ဒေသဆိုင်ရာအဖွဲ့ (WPRO) ၊ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများနှင့်အတူ Global Alliance for Vaccine Initiatives (Gavi) အဖွဲ့၏ (၂၀၂၆-၂၀၃၀) ခုနှစ်များတွင် ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်သည့် ဆွေးနွေးပွဲအား တက်ရောက်ဆွေးနွေးခဲ့ပါသည်။

     အစီအစဉ်အရ အင်ဒိုနီးရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး H.E Budi Gunadi Sadikin နှင့် Gavi အဖွဲ့မှ Chief Country Delivery Officer, Mr. Thabani Maphosa တို့မှ အဖွင့် အမှာစကားပြောကြား ပြီး (Gavi) အဖွဲ့မှ တာဝန်ရှိသူများက (၂၀၂၆-၂၀၃၀) (၅) နှစ်တာကာလ ကာကွယ်ဆေးထိုးလုပ်ငန်း မဟာဗျူဟာစီမံကိန်း၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအား အစည်းအဝေးတက်ရောက်လာသည့် ကျန်းမာရေးဝန်ကြီးများထံ တင်ပြဆွေးနွေးခဲ့ပါသည်။

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းမှ ဆွေးနွေးပြောကြားရာတွင် Gavi အဖွဲ့၏ (၂၀၂၆-၂၀၃၀) (၅)နှစ် မဟာဗျူဟာစီမံကိန်းတွင် မြန်မာနိုင်ငံမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေး (၁၃) မျိုးအား တစ်နိုင်ငံလုံးရှိ ကလေးငယ်များကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး အမျိုးအစား (၈)မျိုးအား နိုင်ငံတော်ဘတ်ဂျက်မှ ထောက်ပံ့ပေးလျက်ရှိပြီး ကာကွယ်ဆေးအမျိုးအစား(၆) မျိုးအား GAVI မှထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်းကိုလည်း အသက် ၉ နှစ်မှ ၁၀ နှစ်ကြား မိန်းကလေးများတွင် ကာကွယ်ဆေးလွမ်းခြုံမှု ၈၈ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း နှစ်စဉ် အမျိုးသားကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် နိုင်ငံခြားငွေအမြောက်အမြားကျခံသုံးစွဲပေးလျက်ရှိပြီး GAVI အဖွဲ့အနေဖြင့် နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့ များဆက်လက်ပေးစေလိုပါကြောင်း၊ ကျန်းမာရေးသတင်းအချက်အလက်များအသုံးပြု၍ ကာကွယ်ဆေးထိုးလုပ်ငန်းများအား တစ်နိုင်ငံလုံးလွမ်းခြုံမှုပိုမိုမြင့်မားစေရေး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပါဝင်တက်ရောက်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသနှင့် အနောက်ပစိဖိတ်ဒေသဆိုင်ရာအဖွဲ့များ၏ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သီရီလင်္ကာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံအစရှိသည့် နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများကလည်း ၎င်းတို့အမြင်များ၊ အကြံပြုသုံးသပ်ချက်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြောကြားခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများမှလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါ သည်။

More Tags