နေပြည်တော် နိုဝင်ဘာ ၅
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ကျင်းပပြုလုပ်သော Hospital Development Symposium (ပြည်သူ့ဆေးရုံများဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုသို့ အမှာစကား ပြောကြားရာတွင်-
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တိုးတက်ကောင်းမွန်ရေး အစဉ်အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုအတွင်း ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိသလို ရောဂါများဖြစ်ပွားလာပါကလည်း အချိန်မီ ထိရောက်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်သူ့ဆေးရုံများကို စွမ်းအားပြည့်လုပ်ငန်း လည်ပတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ လုံလောက်စွာခန့်ထားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများအနေဖြင့် ပုံမှန်ဆေးဝါးကုသမှုလုပ်ငန်းများကို ယခင်ထက်ပို၍ တိုးတက်လုပ်ဆောင်နိုင်သည်ကို တွေ့ရပါကြောင်း၊ ပုံမှန်ဆေးကုသမှု လုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသလို အထူးဆေးကုသမှုလုပ်ငန်းများဖြစ်သည့် ကျောက်ကပ်နှင့်အသည်းအစားထိုးကုသခြင်း လုပ်ငန်းများ၊ နှလုံးဆေးကုသမှုနှင့် ခွဲစိတ် ကုသမှုလုပ်ငန်းများ၊ ဦးနှောက်နှင့်အာရုံကြော ဆေးကုသမှုနှင့်ခွဲစိတ်ကုသမှုလုပ်ငန်းများ၊ ရိုးတွင်းခြင်ဆီအစားထိုးကုသမှုလုပ်ငန်းများ၊ မျက်ကြည်လွှာအစားထိုးကုသမှုလုပ်ငန်းများ စသည် တို့ကို ပြည်သူ့ဆေးရုံကြီးများတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
အထူးသဖြင့် ကင်ဆာရောဂါကုသမှုလုပ်ငန်းနှင့်ပတ်သက်၍ ဓာတ်ရောင်ခြည် ကုထုံးများဖြင့် ကုသမှုပေးနိုင်ရန်အတွက် လိုအပ်သော ကင်ဆာဓာတ်ရောင်ခြည်စက်ကြီးများအား နိုင်ငံတော်အစီအစဉ်ဖြင့် တိုးမြှင့်တပ်ဆင်ပေးလျက်ရှိရာ မကြာမီလုပ်ငန်းများ စတင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်း အသစ်များအား တိုးချဲ့တပ်ဆင်နိုင်ရေး၊ ဆေးရုံအဆောက်အဦများ တိုးချဲ့တည်ဆောက်နိုင်ရေး၊ ဆေးဝါးများ၊ ရောဂါရှာဖွေရေးလုပ်ငန်းများ တိုးမြှင့်ထောက်ပံ့နိုင်ရေး စသည်တို့အတွက် နှစ်စဉ် နိုင်ငံတော်မှ ရန်ပုံငွေများ တိုးမြှင့်ချထားပေးလျက် ရှိပါကြောင်း၊
ထိုသို့ နိုင်ငံတော်မှ ပံ့ပိုးသည့်နည်းတူ ပြည်သူ့ဆေးရုံများအနေဖြင့် သန့်ရှင်းသာယာရေး၊ ဥပဓိရုပ်ကောင်းမွန်ရေး၊ ပြည်သူလူထု ဆေးကုသမှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးတို့ကို အလေးထား စီမံဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံကြရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ပြည်သူလူထုလူနာများနှင့်ဆက်ဆံမှုကောင်းမွန်ရေး သင်တန်းများပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
ပြည်သူ့ဆေးရုံများအနေဖြင့် ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းခြင်းမဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ရေကြီးခြင်း/ရေလွှမ်းမိုးခြင်းကဲ့သို့သော သဘာဝဘေးများ ကျရောက်လာပါက ပျက်စီးဆုံးရှုံးမှုများ နည်းပါးစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် အရေးကြီးပါကြောင်း၊ လတ်တလောရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် ပြည်သူ့ ဆေးရုံများတွင် ဥပဓိရုပ်ကောင်းမွန်စေရေး ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက နောက်ဆက်တွဲ ဖြစ်ပွားတတ် သည့် ကျန်းမာရေးပြဿနာများကို သတိပြု၍ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
ယခုဆွေးနွေးပွဲကို ပြည်သူ့ဆေးရုံများတွင် ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် ပြည်သူလူထုတစ်ဦးချင်းစီက ကျန်းမာရေးအတွက် စိုက်ထုတ်သုံးစွဲရငွေများ လျော့ကျစေရန် ပိုမိုကောင်းမွန်သည့် အစီအမံများချမှတ်ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ကြသော ဆေးရုံအုပ်ကြီးများ၊ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုပါကြောင်း၊ ဆွေးနွေးပွဲမှထွက်ပေါ်လာသည့် အချက်အလက်များကို အခြေပြု၍ ဆေးရုံဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်စေရေး အစီအမံများ ချမှတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊
ပြည်သူ့ဆေးရုံများအနေဖြင့် လူနာများကုန်ကျစရိတ်နည်းပါးစွာဖြင့် ဆေးကုသမှုခံယူနိုင်ရေး၊ နိုင်ငံတော်မှခွဲဝေချထားပေးသော ရန်ပုံငွေများကို ပြည်သူလူထုအတွက် အကျိုးရှိစွာသုံးစွဲရေး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအား တိုးမြင့်ဆောင်ရွက်နိုင်ရေး၊ လူနာများဘေးကင်းလုံခြုံရေးနှင့် စိတ်ကျေနပ်မှုရရှိစေရေး၊ ပြည်သူ့အတွက် ပြည့်သူ့ဆေးရုံများ ဖြစ်လာစေရေး နည်းလမ်းပေါင်းစုံဖြင့် ကြံဆဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့် အကျယ်တဝင့်မှာကြားခဲ့ပါသည်။
အဆိုပါ Hospital Development Symposium (ပြည်သူ့ဆေးရုံများဖွံ့ဖြိုးတိုးတက် ရေးဆွေးနွေးပွဲ) ကို ၅-၁၁-၂၀၂၄ မှ ၈-၁၁-၂၀၂၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနများမှ ဖိတ်ကြားထားသူများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။