၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၅) ရက်
တိုင်းရင်းဆေးပညာ လေ့ကျင့်သင်ကြားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ်တွင် နိုဝင်ဘာလ (၅)ရက် မနက်ပိုင်းက ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက ပြောကြားရာတွင် ယနေ့ ခေတ်တွင် အနောက်တိုင်းဆေးပညာ တိုးတက်ထွန်းကားနေသော်လည်း၊ ရှေးနှစ်ပေါင်းများစွာကတည်းကပင် လူမျိုးအသီးသီးတို့သည် မိမိတို့၏ တိုင်းရင်းဆေးပညာကုထုံးများဖြင့် ကုသမှု ခံယူရှင်သန်ရပ်တည်နိုင်ခဲ့ကြပါကြောင်း၊ ယနေ့အချိန်၌ပင်လျင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပဏာမကျန်းမာရေးစောင့်ရှောက်မှုတွင် တိုင်းရင်းဆေးပညာ၏ကဏ္ဍမှာ ကြီးကြီးမားမား ရှိနေဆဲဖြစ်ပါ ကြောင်း၊ အထူးသဖြင့် ဝေးလံခက်ခဲဒေသများ၊ ကျေးရွာများတွင် တိုင်းရင်းဆေးဝါးများသည်သာ လက်လှမ်းမှီရရှိနိုင်ပါကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာရပ်သည်လည်း မိရိုးဖလာ ယဉ်ကျေးမှု အမွေအနှစ်ပညာရပ်တစ်ခုအဖြစ် ခိုင်ခိုင်မာမာရပ်တည်ခဲ့ပြီး စဉ်ဆက်မပြတ်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသဖြင့် ယနေ့ထိတိုင် ပြည်သူများ၏ အားကိုးတန်ဘိုးထားမှု ရရှိနေဆဲဖြစ် ပါကြောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်အနေဖြင့် မြန်မာတိုင်းရင်းဆေးများ၊ ကုထုံးများတိမ်ကောပျောက်ပျက်မှုမရှိအောင်၊ ရေရှည်တည်တံ့အောင် ခေတ်နှင့်အညီ သိပ္ပံနည်းကျဓါတ်ခွဲ စမ်းသပ်မှုများ၊ သုတေသနပြုမှုများဖြင့် တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပမည့် ဆွေးနွေးပွဲတွင် ရလာဒ်အခြေပြု သင်ရိုးညွှန်းတမ်း ဖြစ်ထွန်းလာစေရေး၊ ပညာရေးဝန်းကျင်ကောင်း ရရှိရန်လိုအပ်သော စာသင်ခန်း၊ စာကြည့်တိုက်၊ သုတေသနဓါတ်ခွဲခန်း၊ အိုင်တီအထောက်အကူနှင့် တိုင်းရင်းဆေးဥယျာဉ်ဖွံ့ဖြိုးရေး၊ နိုင်ငံတကာနှင့် ပညာရပ် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာဘွဲ့၊ ဒီဂရီများနှင့်ပတ်သက်၍ အရည်အသွေးအာမခံမှုနှင့် အသိအမှတ်ပြုမှုရရှိရေးတို့ကို စနစ်တကျ ဆွေးနွေးအဖြေရှာသွား ကြမည်ဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခကြီးများ၊ ကျွမ်းကျင်ပညာရှင်များ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ဆရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့ ခုတင်-၃၀၀ ဆံ့ သင်ကြားရေးဆေးရုံကြီး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ခုတင်-၃၀၀ဆံ့ သင်ကြားရေးဆေးရုံကြီး-မန္တလေးတို့မှ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က မန္တလေးတိုင်းဒေသကြီးအတွင်း ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ဆေးရုံများမှ တာဝန်ရှိသူများက ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကုသရေးလုပ်ငန်းအပြင် ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ဆေးရုံကြီးများဘက်ကရရှိသည့် ဝမ်းပျက်ဝမ်းလျှော လူနာများ၏နေထိုင်ရာလိပ်စာများအလိုက် ကွင်းဆင်းစစ်ဆေးပြီး လူနာ မိသားစုဝင်များ၊ အိမ်နီးချင်းများအား ကြည့်ရှုစစ်ဆေးကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ရန်၊ သောက်ရေ/သုံးရေအရင်းအမြစ်များစစ်ဆေးကာ ကလိုရင်း ဆေးခတ် ခြင်းဆောင်ရွက်ရန်၊ လူနာများအား ကုသမှုပေးရာတွင် သတ်မှတ်ထားသော စံလုပ်ငန်းလမ်းညွှန်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ လူနာများ လက်ခံကုသနိုင်ရေး ဆေးဝါးလိုအပ်ချက် အပါအဝင် ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် ပုဂ္ဂလိကဆေးရုံများနှင့်လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပါသည်။ ထို့နောက် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါလူနာဆောင်သို့ သွားရောက်၍ လူနာများအား ဆေးကုသနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။