နေပြည်တော်၊ နိုဝင်ဘာ ၂
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ရက်နေ့ နံနက် (၉:၃၀)နာရီတွင် Sedona Hotel ၊ Mindon Ballroom ၌ မြန်မာ နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ ကြီးမှူးကျင်းပသော “Business Forum on Enhancing Pharmaceutical and Medical Devices Cooperation for Improved Health Services” အခမ်းအနားတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်နှင့် ဆေးပစ္စည်း၊ အလှကုန်/လူသုံးကုန်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတင်ဝါဝါဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ပါမောက္ခဒေါက်တာခင်ဇော်မှ အင်ဒိုနီးရှား - မြန်မာ နှစ်နိုင်ငံကြား ဆေးနှင့်ဆေးပစ္စည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှ ရရှိလာမည့်အသီးအပွင့်များ၊ အခွင့်အလမ်းများနှင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်ရန် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဤသို့ပူးပေါင်းဆောင်ရွက်မှုများမှ နှစ်နိုင်ငံကြား ယုံကြည်မှုနှင့် နည်းပညာများ တိုးတက်လာနိုင်မှုတို့ကို မျှော်မှန်း၍ ဝမ်းမြောက်ကျေးဇူးတင်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆေးပစ္စည်း၊ အလှကုန်/ လူသုံးကုန်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတင်ဝါဝါဝင်းမှ မိမိတို့ဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ တိုးချဲ့ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ ၊ လုပ်ထုံး ၊ လုပ်နည်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရှင်းလင်းမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ ကြီးမှူးကျင်းပသော Business Forum ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် နှစ်နိုင်ငံကြား ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရင်းနှီးစွာ ဆွေးနွေးခွင့် ရရှိခဲ့သည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် တံခါးတစ်ချပ်ဖွင့်လှစ်နိုင်ခဲ့ ကြောင်း သတင်းရရှိပါသည်။