အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်မြို့၌ (၃၆) ကြိမ်မြောက်နှင့် (၃၇)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်

 
 
 
 
 
 
 

နေပြည်တော်၊ နိုဝင်ဘာလ ၉ ရက်

      ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး ရည်မှန်းကာ ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါ ကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေး၊ ကုသမှုအရည်အသွေးမြင့်မားရေးနှင့် ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ်သက်သာစေရေး ဆောင်ရွက်လျက်ရှိရာ အထူးကု ဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်မြို့တွင် (၃၆)ကြိမ်မြောက်နှင့် (၃၇)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့နှင့် (၈)ရက်နေ့တို့၌ ပြုလုပ် သည်။

     (၃၆)ကြိမ်မြောက် အသည်အစားထိုးခွဲစိတ်ကုသမှုကို မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်မှ အသက် (၄၉)နှစ်ရှိ အသည်းရောဂါလူနာအမျိုးသားနှင့် အသည်းအလှုရှင် မောင်နှမဝမ်းကွဲ တော်စပ်သူ အသက် (၄၃) နှစ်ရှိ အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး အသည်းအလှူရှင်ထံမှ အသည်းထုတ်ယူမှုကို နိုဝင်ဘာလ (၇)ရက်နေ့တွင် နံနက် (၇း၁၅)နာရီအချိန်မှ စတင် ဆောင်ရွက်ခဲ့ကာ နံနက်(၁၁း၄၅)နာရီအချိန်တွင် အသည်းလက်ခံသူလူနာထံသို့ အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သည်။ ညနေ (၅း၄၅)နာရီအချိန်တွင် ခွဲစိတ်ကုသမှုပြီးစီးပြီး စုစုပေါင်း ခွဲစိတ်ချိန် (၁၀)နာရီခွဲ ကြာမြင့်ခဲ့သည်။

     (၃၇)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ အသည်းရောဂါလူနာ အသက်(၆၀)နှစ်ရှိ အမျိုးသမီးနှင့် အသည်းအလှုရှင် သမီးတော်စပ်သူ အသက် (၂၅)နှစ်ရှိ အမျိုးသမီးတို့အား ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး အသည်းအလှူရှင်ထံမှ အသည်းထုတ်ယူမှုကို နိုဝင်ဘာလ (၈)ရက်နေ့တွင် နံနက် (၈း၅၅)နာရီအချိန်မှ စတင်ဆောင်ရွက်ခဲ့ကာ မွန်းလွဲ (၁၂း၃၄)နာရီ အချိန်တွင် အသည်းလက်ခံသူလူနာထံသို့ အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သည်။ ညနေ (၄း၂၅)နာရီအချိန်တွင် ခွဲစိတ်ကုသမှုပြီးစီးပြီး စုစုပေါင်းခွဲစိတ်ချိန် (၇)နာရီခွဲ ကြာမြင့်ခဲ့သည်။

   အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ပြည်သူဆေးရုံကြီးများတွင် အသည်းအစားထိုးခွဲစိတ်မှု အောင်မြင်စွာပြန်လည်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဇော်သန်းထွန်း ဦးဆောင်သောအဖွဲ့၊ ပါမောက္ခ၊ဌာနမှူး ပါမောက္ခဒေါက်တာစိုင်းအောင်ညွန့်ဦး ဦးဆောင်သော အသည်းခွဲစိတ်ကုသမှု ဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် တောင်ကိုးရီးယားနိုင်ငံ၊ Seoul National University Hospital မှ Professor Kwang Woong Lee ဦးဆောင်သောအဖွဲ့၊ ပါမောက္ခ၊ ဌာနမှူး ပါမောက္ခ ဒေါက်တာဝင်းဝင်းဆွေ ဦးဆောင်သော အသည်းဆေးကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ၊ ဌာနမှူး ပါမောက္ခဒေါက်တာမူမူနိုင် ဦးဆောင်သော မေ့ဆေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ၊ ဌာနမှူး ပါမောက္ခဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သော နှလုံးနှင့် သွေးကြောခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ဒေါက်တာဆွေဆက် ဦးဆောင်သော ရောဂါရှာဖွေရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ၊ ဌာနမှူး ပါမောက္ခဒေါက်တာ အောင်ချိုထွန်း ဦးဆောင်သော ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာသီတာအောင် ဦးဆောင်သော သွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (အသည်းခွဲစိတ်) (ငြိမ်း) ပါမောက္ခဒေါက်တာတင်တင်မာ၊ ပါမောက္ခ၊ ဌာနမှူး (မေ့ဆေး) (ငြိမ်း) ပါမောက္ခဒေါက်တာကြည်ကြည်စန်း၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်မြို့မှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေး၊ တွဲဖက်ပါမောက္ခ (မေ့ဆေး) ဒေါက်တာမောင်မောင်ဆွေ၊ ပါမောက္ခဒေါက်တာ သဇင်သန်း (ဓာတ်မှန်)၊ ဒေါက်တာယဉ်မူယာ၊ အထူးကုဆရာဝန်ကြီး(ဓာတ်ခွဲ)နှင့် ဆရာဝန်များ၊ သူနာပြုအုပ်များဖြစ်သော ဒေါ်စန်းစန်းရင်နှင့် ဒေါ်ပိုပိုအောင်၊ ကျွမ်းကျင်သူနာပြု ဆရာမကြီးများဖြစ်သော ဒေါ်ကေသီနွယ်နှင့် ဒေါ်ယုယုလင်း ဦးဆောင်သော သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြု ဝန်ထမ်း များအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။

     (၃၆)ကြိမ်မြောက်နှင့် (၃၇)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာနှင့် အသည်းအလှူရှင်များအားလုံး ခွဲစိတ်ပြီးကျန်းမာရေးအခြေအနေမှာ ကောင်းမွန် လျက်ရှိပြီး အထူးကြပ်မတ်ကုသဌာနတွင်ထားရှိကာ လိုအပ်သောပြုစုကုသမှုများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

     အသည်းအစားထိုးခွဲစိတ်ကုသမှုများကို အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ရန်ကုန်မြို့၌ ၂၀၀၄ ခုနှစ်တွင် (၁)တွဲ၊ နှင့် ၂၀၀၉ ခုနှစ်တွင် (၁) တွဲ၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)- ရန်ကုန်မြို့၌ ၂၀၁၅ ခုနှစ်တွင် (၁) တွဲ၊ ၂၀၁၆ ခုနှစ်တွင် (၄)တွဲ၊ ၂၀၁၇ ခုနှစ်တွင် (၆) တွဲ၊ ၂၀၁၈ ခုနှစ်တွင် (၁၁) တွဲ၊ ၂၀၁၉ ခုနှစ်တွင် (၁၀) တွဲ၊ ၂၀၂၃ ခုနှစ်တွင် (၁)တွဲ၊ စုစုပေါင်း (၃၅)တွဲကို ခွဲစိတ်ကုသမှုဆောင်ရွက်ပြီး ဖြစ်သည်။

      ယခုကဲ့သို့ ပြည်တွင်း၌ အသည်းအစားထိုးခွဲစိတ်ကုများကို ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပြည်သူများအတွက် လိုအပ်သောကုသမှုကို လက်လှမ်းမီရရှိစေကာ ပြည်ပသို့ သွားရောက် ကုသ ရမည့် ကုန်ကျစရိတ်များ သက်သာစေနိုင်သည့်အပြင် ပြည်သူ့ဆေးရုံများတွင် ဝန်ဆောင်မှုပိုမိုတိုးတက်ကောင်းမွန်စေခြင်းနှင့် ပြည်သူတစ်ဦးချင်းစီမှ စိုက်ထုတ်သုံးစွဲရငွေ လျော့ကျစေမည် ဖြစ်ကြော နှင့် အသည်းအစားထိုးကုသမှုများ ပုံမှန်ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

More Tags