(၂၀၂၃) ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပခြင်း (၁၂-၁၁-၂၀၂၄)

 

    

     နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် (၂၀၂၃)ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပြန်လည်ဆန်းစစ်ရန်အတွက် ဗဟိုအဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကို (၁၂-၁၁-၂၀၂၄)ရက်မှ (၁၄-၁၁-၂၀၂၄) ရက်အထိ ဆောင်ရွက်မည်ဖြစ်ရာ ယနေ့ (၁၂-၁၁-၂၀၂၄)ရက်၊ နံနက်(၉:၀၀)နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမတွင် ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။

    ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်များဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများသည် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ရသဖြင့် ဆက်ဆံရေးကောင်းမွန်စေရေး၊ ဆေးရုံတိုင်းတွင် ဆရာဝန်များ ထားရှိနိုင်ရေးနှင့် ဆေးရုံ၊ ဆေးခန်းများအနေဖြင့် သန့်ရှင်းသပ်ရပ်စေရေး စသည့်လမ်းညွှန်ချက်များကို အထူးဂရုပြု လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ကျန်းမာရေး ဝန်ထမ်းများအားလည်း ပြည်သူလူထု၊ လူနာနှင့်ဆက်ဆံရေးပြေပြစ် ကောင်းမွန်စေရေးအတွက် ပြည်သူလူထုနှင့်ဆက်ဆံရေးသင်တန်းများ ပို့ချပေးမည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေး ဦးစီးဌာနတို့ ဟန်ချက်ညီညီပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရေး အားကြိုးမာန်တက် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်မှာ မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအလွန်တွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ (ဥပမာ- ပိုလီယို ရောဂါ၊ ဝက်သက်ရောဂါ)နှင့်ပတ်သက်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အားစိုက် ဆောင်ရွက်ခဲ့သဖြင့် အဆိုပါရောဂါများ ကပ်ရောဂါအသွင်မဖြစ်ပွားခဲ့ဘဲ ထူးခြားသောစွမ်းဆောင်နိုင်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ လက်ရှိကာလတွင် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကောင်းစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် ယခုနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ကျန်းမာရေးမှူး-၄ သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ဘက်စုံတာဝန်ပေးအပ်နိုင်ရေးအတွက် သေချာလေ့ကျင့် သင်ကြားပေးစေလိုကြောင်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေး အခွင့်အလမ်းများအတွက်လည်း ဆောင်ရွက်ပေးနေပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် (အထူးသဖြင့် ရာဂီမုန်တိုင်း)ကြောင့် ရေကြီးရေလျှံဖြစ်ပွားသည့်ဒေသများတွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ထိရောက်စွာအားသွန်ခွန်စိုက် ဆောင်ရွက် နိုင်ခဲ့သည့်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကဲ့သို့သော ကူးစက်ရောဂါများမဖြစ်ပွားအောင် ကြိုးပမ်းနိုင်ခဲ့ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်အောင်မြင်လာသည်နှင့်အမျှ ဆေးရုံဆေးခန်းများတွင် ကုသပေးရမှုများ လျော့နည်းလာမည် ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနခွဲအလိုက် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲထားပြီးဖြစ်သဖြင့် ၎င်းလုပ်ငန်းလမ်းညွှန်များအတိုင်း လိုက်နာအကောင်အထည်ဖော်ရန် လိုအပ် ကြောင်း၊ မိမိတို့ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ထိန်းသိမ်းစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးများအနေဖြင့် မိမိတို့၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပန်းတိုင်ရည်မှန်းချက်များကို အရှိန်အဟုန်မပျက် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ကြစေလိုကြောင်း၊ ကျောင်း ကျန်းမာရေးနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ ကျောင်းသူ/ကျောင်းသားများတွင်သာမက မိဘများထံသို့ပါ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင် တတ်သည့် အမူအကျင့်ကောင်းများ စွဲမြဲသွားစေရေး ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊

     ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီစွာနှင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်တွင် ယခုနှစ်အတွင်း တည်ထောင် ဖွင့်လှစ်လိုက်သည့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar Center for Disease Control and Training Center) အနေဖြင့် လုပ်ငန်းများကို အကျိုးရှိအောင် အကောင်းဆုံး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားပါသည်။

     ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပြောကြားရာတွင် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးများ အနေ ဖြင့် ကျန်းမာရေးအချက်အလက် ညွှန်းကိန်းများကို ပေးပို့တင်ပြရာတွင် မှတ်ချက်များနှင့်တကွ ပြည့်စုံစွာပေးပို့တင်ပြရန်၊ ကျေးလက်ကျန်းမာရေးဌာနများ လုပ်ငန်းဆောင်ရွက် နိုင်မှု အခြေအနေကို ကြီးကြပ်ဆောင်ရွက်ရန်နှင့် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ပေးရန် ပြောကြားပါသည်။

     ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းက စီမံခန့်ခွဲရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပါသည်။

  ထို့နောက် ဆွေးနွေးပွဲကို ဒုတိယပိုင်း အစီအစဉ်အဖြစ် ရုံးအမှတ်(၄၇)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ကျင်းပရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြင့်မြင့်သန်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက (၂၀၂၃) ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အားသာချက်၊ အားနည်းချက်၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက် ဆောင်ရွက်ရန် လျာထားမှုများကို ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးပွဲ ပထမနေ့ အစီအစဉ်ကို ညနေ (၅:၃၀) နာရီတွင် ခေတ္တရပ်နားခဲ့ကြောင်း သိရှိရပါသည်။

     ဆန်းစစ်ဆွေးနွေးပွဲကို (၁၂-၁၁-၂၀၂၄)ရက်မှ (၁၄-၁၁-၂၀၂၄)ရက်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး၊ ဆွေးနွေးပွဲ တတိယနေ့တွင် (၂၀၂၃)ခုနှစ်အတွင်း လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ထူးချွန်စွာဆောင်ရွက်နိုင်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများအား ဂုဏ်ပြုဆုများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရ ပါသည်။

More Tags