နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (The Global Fund) ရုံးချုပ်မှ Senior Fund Portfolio Manager Ms. Maria Iazskun Gaviria Ayucar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ ယနေ့နေ့လယ်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ၂၀၂၄-၂၀၂၆ ခုနှစ်အတွက် ဝန်ကြီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (The Global Fund)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် တီဘီရောဂါ၊ ခုခံကျ ကာလသားရောဂါနှင့် ငှက်ဖျားရောဂါကာကွယ်ကုသရေးလုပ်ငန်းများအား ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော်ဘတ်ဂျတ်ဖြင့် ခုခံကျကာလသားရောဂါတိုက်ဖျက်ရေး ဆေးဝါးများနှင့် တီဘီ ရောဂါကုသရေးဆေးဝါးများ ဝယ်ယူပေးလျက်ရှိသည့်အခြေအနေများနှင့် ဆေးဝါးများလုံလောက်မှုရှိစေရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များ၊ ရန်ပုံငွေသုံးစွဲမှုများနှင့်လုပ်ငန်း ဆောင်ရွက်မှုများအား ကြီးကြပ်ပေးနေသည့်အခြေအနေများ၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ The Global Fund မှကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။