ဆဋ္ဌမအကြိမ်မြောက်မြန်မာနိုင်ငံနှလုံးရောဂါပညာဆိုင်ရာညီလာခံသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ တက်ရောက်အဖွင့် အမှာစကားပြောကြား

 
 
 
 
 
 
 
 
 
 
 

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်

     ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာညီလာခံဖွင့်ပွဲအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Lotte Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ပြည်တွင်း/ပြည်ပမှနှလုံးရောဂါအထူးကုဆရာဝန်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင် အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာဆိုင်ရာညီလာခံအား “Towards Holistic and Comprehensive Cardiac Care”ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာဆေးပညာရှင်များ၏ လူနာများကိုဗဟိုပြု၍နှလုံးဆေးကုသမှုနှင့် နှလုံးခွဲစိတ် ကုသမှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်မှုများအားဂုဏ်ပြုပါကြောင်း၊ ယခုညီလာခံ၌ မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံများမှ နှလုံးရောဂါဆေးပညာရှင်များ အပြန်အလှန် အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေကြမည်ဟုသိရှိရ၍ မြန်မာနိုင်ငံရှိ အထွေထွေရောဂါကုဆရာဝန်များ၊ ဆေးပညာရှင်များ၊ နှလုံးရောဂါအထူးကုဆရာဝန်များအတွက် ဗဟုသုတနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာများအား လေ့လာခွင့်ရရှိကြမည်ဖြစ်ပါသဖြင့် လူနာဗဟိုပြုဆေးကုသမှုလုပ်ငန်းများအား ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများ နည်းတူ နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုး ရောဂါစသည့် မကူးစက်နိုင်သောရောဂါဖြစ်ပွားသည့်လူနာများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကာ နိုင်ငံတော်အနေဖြင့် နာတာရှည်မကူးစက် နိုင်သောရောဂါများနှင့် ကင်ဆာရောဂါများအတွက် ဆေးဝါးနှင့်ဆေးပစ္စည်းဝယ်ယူမှုအတွက် ဘတ်ဂျက်အား နှစ်စဉ် တိုးမြှင့်သုံးစွဲလျက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်အား သုံးစွဲလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှလုံး၊ သွေးတိုး၊ ဆီးချို အစရှိသည့် မကူးစက်တတ်သောရောဂါများအတွက် ကျေးလက်ကျန်းမာရေး ဌာနများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မကူးစက်တတ်သောရောဂါများ ဆေးခန်း (NCD Clinic) ဖွင့်လှစ်၍ ကျေးလက်ဒေသအောက်ခြေအထိ ဆေးကုသမှုလုပ်ငန်းများအား ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆေးဝါးများအားလည်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ ခုတင် (၂၀၀) နှင့် အထက်ဆေးရုံအားလုံး၌ အရေးပေါ် နှလုံးဆေးကုသမှုများအတွက် အထူးကုသမားတော်များဦးဆောင်သည့် နှလုံးကြပ်မတ်ကုသဌာန(Coronary Care Unit) များ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆရာဝန်များ အတွက်လည်း ရလာဒ်အခြေပြု နှလုံးရောဂါကာကွယ်ကုသရေးစံကုထုံးများ လက်စွဲစာအုပ်အားပြုစုရေးသား ထုတ်ဝေနိုင်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးမှုများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှလုံးရောဂါဆေးပညာရှင်များအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း နှလုံးခွဲစိတ်မှု (၂၃၇၅) ကြိမ်၊ နှလုံးသွေးကြောချဲ့ကုသမှု (၃၈၀၅) ကြိမ်၊ နှလုံးစက်တပ်ကုသမှု (၁၀၁၄) ကြိမ်၊ နှလုံးလျှပ်စီးလမ်းကြောင်းဖြတ်တောက်ကုသမှု (၁၀၀၅) ကြိမ်တို့ကိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး ဆေးပညာသင်ကြားမှုများ၊ လက်တွေ့ကုသမှုများ၊ ဆေးပညာကျင့်ဝတ်စောင့်ထိန်းမှုများအား စဉ်ဆက်မပြတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့်ဝန်ကြီးဌာနအနေဖြင့် နှလုံးရောဂါ ဆေးပညာရပ်ဖွံ့ဖြိုး တိုးတက်စေရေးအဖက်ဖက်မှ ဆက်လက်ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး(နှလုံးရောဂါဆေးပညာ)၊ ပါမောက္ခဒေါက်တာနွယ်နွယ်က ညီလာခံကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

    ထို့နောက် ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာညီလာခံပြခန်းကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း ၊ မြန်မာနိင်ငံဆေးကောင်စီဥက္ကဌ ပါမောက္ခ ဒေါက်တာခင်မောင်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပညာရပ်ဆိုင်ရာညီလာခံပြခန်းနှင့် ခင်းကျင်းပြသ ထားသည့် ဆေးဝါးပြခန်းများကို လှည့်လှည် ကြည့်ရှုအားပေးခဲ့ကြပါသည်။

     ဆက်လက်၍ ညီလာခံပထမနေ့၏ ဒုတိယပိုင်းအစီအစဉ်အဖြစ် ဆက်လက်ကျင်းပရာ ဟောပြောပွဲ (၅)ခုပါဝင်ပြီး ပြည်တွင်းပြည်ပ နှလုံးရောဂါပညာရှင်များမှ နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ကုသခြင်း၊ နှလုံးညှစ်အားနည်းခြင်းရောဂါ၏ တိုးတက်နေသောကုထုံးများ၊ ဉာဏ်ရည်တု (Artificial Intelligence-AI) နည်းပညာရပ်ကိုအသုံးချခြင်း၊ နှလုံးအဆို့ရှင်ရောဂါ ကုသနည်းများ၊ မွေးရာပါနှလုံးရောဂါကုသနည်းများကို ပြည်ပနိုင်ငံအသီးသီးမှ နှလုံးရောဂါဆေးပညာရှင်များမှ အသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် နှလုံးအထူးကု ဆရာဝန်များနှင့် အထွေထွေရောဂါကုဆရာဝန်များမှ သိရှိလိုသည်များအား မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါညီလာခံအား နိုဝင်ဘာလ (၂၃) ရက်နေ့မှ (၂၄) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြည်ပနိုင်ငံအသီးသီးမှ နှလုံးရောဂါဆေးပညာရှင်များမှ မြန်မာနိုင်ငံမှ နှလုံးရောဂါဆေးပညာရှင်များ နှင့် အတူဆေးပညာရပ်ဆိုင်ရာဗဟုသုတမျှဝေခြင်း၊ အတွေ့အကြုံဖလှယ်ခြင်း၊ လက်တွေ့ကုသမှု အတွေ့အကြုံများမျှဝေခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

 

 

More Tags