နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကုသရေးဦးစီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်သို့ရောက်ရှိကာ အသည်းအစားထိုးခွဲစိတ် ကုသမှု အောင်မြင်စွာဆောင်ရွက်ထားရှိသော အသည်းလူနာများနှင့်အသည်းအလှူရှင်များကို ကြည့်ရှုအားပေး စကားပြောကြားကာ အစားအသောက် လက်ဆောင်ခြင်းများ ပေးအပ်ခဲ့ပါသည်။
အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ရန်ကုန်၌ နိုဝင်ဘာလ (၇) ရက်နေ့တွင် (၃၆) ကြိမ် မြောက်အနေဖြင့် မိုးကုတ်မြို့နေ (၄၉) နှစ်အရွယ် အသည်းလူနာအမျိုးသားနှင့် အသည်းအလှုရှင် မောင်နှမဝမ်းကွဲတော်စပ်သူ အသက်(၄၃)နှစ်အရွယ် အမျိုးသမီးအတွဲအားလည်းကောင်း၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် (၃၇) ကြိမ်မြောက်အနေဖြင့် ဟားခါးမြို့နေ (၆၀) နှစ် အရွယ် ချင်းလူမျိုး အသည်းလူနာ အမျိုးသမီးနှင့် သမီးတော်စပ်သူ အသည်းအလှုရှင် အသက် (၂၅)နှစ်အရွယ် အမျိုးသမီးအတွဲအား လည်းကောင်း အောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့ပါသည်။ ယခုအခါ အဆိုပါ အသည်းအလှူရှင်များမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး အသည်းလက်ခံထားရှိသည့် လူနာများသည်လည်း ကျန်းမာရေးတိုးတက်ကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုခံယူထားသည့် လူနာများအား ယနေ့ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ဆေးရုံဆင်းခွင့်ပြုပြီး ဖြစ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ရန်ကုန် ခြောက်ထပ်ဆောင်၊ အစည်းအဝေးခန်းမ၌ အသည်းအစားထိုးခွဲစိတ်မှုတွင် ပါဝင်ခဲ့သော လုပ်ငန်းအဖွဲ့များမှ အဖွဲ့ခေါင်းဆောင်များနှင့်အဖွဲ့ဝင်များ၊ ပုံမှန်ဆောင်ရွက်နေပြီဖြစ်သည့် ကျောက်ကပ်အစားထိုးခွဲစိတ်မှုများတွင် ပါဝင်သည့်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှု/ အသည်းအစားထိုးခွဲစိတ်ကုသမှုများ စနစ်တကျဆက်လက်ဆောင်ရွက်နိုင်ရေး မှာကြားကာ ပြည်တွင်း၌ အသည်းအစားထိုးနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်မှုများကို ပြုလုပ်ပေးခြင်းအားဖြင့် ရောဂါခံစားနေရသည့် ပြည်သူများနှင့် ၎င်းတို့၏မိသားစုများအနေဖြင့် ပြည်ပသို့ သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေခြင်း၊ ပြည်သူ့ဆေးရုံများတွင် ဝန်ဆောင်မှု ပိုမိုတိုးတက် ကောင်းမွန်စေခြင်းနှင့် ပြည်သူတစ်ဦးချင်းစီ စိုက်ထုတ်သုံးစွဲရငွေ လျော့ကျစေမည်ဖြစ်ခြင်းတို့ကြောင့် အရှိန်အဟုန်မပျက် ပုံမှန်ဆက်လက်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်ချက်များ ဖြည့်ဆ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။