ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ကျင်းပပြုလုပ်သော (ပြည်သူ့ဆေးရုံများတွင် ပြည်သူ့ဆက်ဆံရေးကဏ္ဍ တိုးတက်ကောင်းမွန်စေရေး အလုပ်ရုံဆွေးနွေးပွဲ) ဖွင့်ပွဲ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခြင်း

 
 
 
 
 

နေပြည်တော် နိုဝင်ဘာ ၂၇ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ကျင်းပပြုလုပ်သော ပြည်သူ့ဆေးရုံ များတွင် ပြည်သူ့ဆက်ဆံရေးကဏ္ဍတိုးတက်ကောင်းမွန်စေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုသို့ အမှာစကား ပြောကြားရာတွင်-

     ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် မိမိတို့ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့်ဆက်ဆံရေး အဆင်‌ပြေချောမွေ့စေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆေးရုံများကို ပြည်သူလူထုမှ ပိုမိုအားကိုးလာသဖြင့် လူနာများပြားလာ၍ ဝန်ထမ်းများအနေဖြင့် လူနာများ၊ လူနာရှင်များနှင့် ကောင်းမွန် စွာဆက်ဆံနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ဆရာဝန်၊ သူနာပြု သစ်လွင်များကို သင်တန်းပေးရန်လိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲ တက်ရောက် လာသူများ အနေဖြင့်လည်း မိမိတို့ဆေးရုံသို့ပြန်လည်ရောက်ရှိချိန်တွင် အတွေ့အကြုံများကို မျှဝေခြင်း၊ အကြံဉာဏ်များ မျှဝေဖလှယ်ခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆေးရုံများသည် အခြားနေရာများနှင့် မတူသည်မှာ ပြည်သူများသည် မကျန်းမာ၍ ဆေးရုံလာရခြင်းဖြစ်ပြီး လူနာအတွက် မျှော်လင့်ချက်များ ၊ စိုးရိမ်စိတ်များ ရှိနေကြကြောင်း၊

     ထို့ကြောင့် မိမိတို့ဝန်ထမ်းများသည် ပြည်သူများအားကိုးလောက်သည့် ပြောဆိုဆက်ဆံမှု၊ ဝတ်စားဆင်ယဉ်မှု ဖြစ်ရန်၊ ကျန်းမာရေးဝန်ထမ်း အဆင့်ဆင့်မှ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် လူစွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးလျက်ရှိကြောင်း ၊ ယခုနှစ်ဒီဇင်ဘာလတွင် သူနာပြု(၁၈၀၀)ခန့်အပ်ရန်ရှိပြီး ဆရာဝန်များနှင့် ဆေးဘက် ကျွမ်းကျင်ဝန်ထမ်းများ ဆက်လက်ခန့်အပ်သွားမည်ဖြစ်ကြောင်း ၊ မှာကြားခဲ့ပါသည်။

      ဆက်လက်၍ ဒုတိယဝန်ကြီးမှလည်း ပြည်သူ့ဆေးရုံများတွင် လူနာများကို နွေးထွေးပျူဌာစွာ ကြိုဆိုဆက်ဆံရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို မှာကြားပါသည်။

     အဆိုပါအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဗဟိုအဆင့် ဆေးရုံကြီးများမှ ဒုတိယဆေးရုံအုပ်ကြီးများ၊ လက်ထောက်ဆေးရုံအုပ်များ၊ သူနာပြုအုပ်ကြီးများနှင့် သူနာပြုအုပ်များ၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို (၂)ရက်ကြာ ကျင်းပပြီး ပြည်နယ်/တိုင်းဒေသကြီး အသီးသီးတွင်လည်း ဆင့်ပွားသင်တန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

More Tags