၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ Naypyitaw State Academy, Faculty of Medicine ဆေးပညာနှီးနွှယ်တက္ကသိုလ်များနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့တွင် နိုဝင်ဘာလ(၂၁)ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့သည့် ပထမနှစ်သင်တန်းအသီးသီးသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို Semi Virtual စနစ်ဖြင့် Naypyitaw State Academy, Function Hall ၌ ယနေ့ နံနက်(၁၀:၀၀) နာရီတွင် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လက်ရှိဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များရှိ ဆေးပညာဘွဲ့ကြိုသင်တန်းများတွင်(၇၃၉၄)ဦး၊ သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ကြို သင်တန်းများတွင် (၁၁၄၉)ဦး ဆေးဝါးသိပ္ပံဘွဲ့ကြိုသင်တန်းများတွင် (၈၉၈)ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ကြိုသင်တန်းများတွင် (၁၁၆၆)ဦး၊ သူနာပြုသိပ္ပံဘွဲ့ကြိုသင်တန်းများတွင် (၁၅၁၈)ဦး၊ ကျန်းမာရေးသိပ္ပံဘွဲ့(အခြေခံကျန်းမာရေး)ဘွဲ့ကြိုသင်တန်းများတွင်(၇၁၀)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါကြောင်း၊
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် World Federation for Medical Education Guideline နှင့်အညီ နိုင်ငံတကာအဆင့်မီ သင်ရိုး ညွှန်းတမ်းများ၊အရည်အချင်းပြည့်မီသောသင်ကြားရေးဆရာမများ၊ ခေတ်မီဆန်းသစ်သောသင်ကြားရေးအထောက်အကူပြုပစ္စည်းများဖြင့် လေ့ကျင့်သင်ကြားပေးခြင်း၊ Skill Lab Training များအပြင် သင်ကြားရေးဆေးရုံကြီးများတွင် လက်တွေ့သင်ကြားပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အတွက် ဤတက္ကသိုလ်များမှ မွေးထုတ်ပေးလိုက်သော ဆေးပညာရှင်များကို ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိသော ဆေးပညာရပ်နယ်ပယ်အသီးသီးတွင် လက်ခံအသိအမှတ်ပြုကြပါကြောင်း၊
သက်ဆိုင်ရာ ဘွဲ့ကြိုသင်တန်းအသီးသီးမှ ဘွဲ့ရရှိပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရင်း ပြည်တွင်း၌ဖွင့်လှစ်ထားသော မဟာသိပ္ပံ၊ ပါရဂူဘွဲ့လွန်သင်တန်းများသာမက ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များတွင်လည်း တော်ဝင်သမားတော်ဘွဲ့အပါအဝင် ဘွဲ့လွန်သင်တန်းများကို ဆက်လက်တက်ရောက်နိုင်စေရန် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ ဆေးပညာ ရပ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်စေရေး အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်လွင်ကျောင်းသား/သူများအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အရည်အသွေးပြည့်ဝစေရန် သာမက ခံယူချက်၊ အမူအကျင့်၊ စိတ်နေသဘောထားများလည်းမှန်ကန်ဖို့ လိုအပ်ပါ ကြောင်း၊
နိုင်ငံတော်ကနေ မွေးထုတ်ပေးလိုက်တဲ့ ဆေးပညာရှင်အသီးသီးဟာ မိမိတို့နိုင်ငံရဲ့ကျေးဇူးတရားကို စောင့်သိရမှာဖြစ်ပြီး မိမိတို့နိုင်ငံကိုလည်း အတိုင်းအတာတစ်ခုအထိ အလုပ်အကျွေးပြုဖို့ လိုတယ်လို့ ထပ်လောင်းပြောကြားလိုပါကြောင်း၊ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းနိုင်သော ဆေးပညာရှင်၊ ဆေးပညာနှီးနွှယ်ပညာရှင်များ ဖြစ်ကြပြီး တပည့်ကျင့်ဝတ်၊ သားသမီးကျင့်ဝတ် များကို စောင့်ထိန်းပြီး နိုင်ငံနဲ့ပြည်သူ့အပေါ် ကျေးဇူးသိတတ်သည့် ပညာရှင်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌမှ သစ်လွင်ကျောင်းသား/သူများအား ဆေးပညာရှင်များ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များကို ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ထပ်ဆင့် ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ Faculty of Medicine, Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ/ဌာနမှူးများ၊ Naypyitaw State Academy သို့ တက်ရောက်ခွင့်ရရှိသည့် သစ်လွင်ကျောင်းသား/သူ များမှ In-person အနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှဥက္ကဌများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဆရာ၊ဆရာမများ၊ တက္ကသိုလ်အသီးသီးမှ သစ်လွင်ကျောင်းသား/သူများ Online မှတစ်ဆင့် တက်ရောက်ကြပါသည်။
ယခုပညာသင်နှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူ ကျောင်းသား/သူ(၂၇၈၈)ဦး နှင့် တိုင်းရင်းဆေးတက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိသူ ကျောင်းသား/သူ(၁၂၂)ဦး စုစုပေါင်း(၂၉၁၀)ဦးရှိကြောင်း သတင်းရရှိပါသည်။