နေပြည်တော်၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် (၁၄-၁၂-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Wyndham Grand Hotel ၌ ကျင်းပပြုလုပ်သော သတ္တမ အကြိမ်မြောက် မြန်မာနိုင်ငံအစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါပညာရပ်ဆိုင်ရာညီလာခံဖွင့်ပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ပြည်တွင်း/ပြည်ပမှ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါအထူးကုဆရာဝန်များ၊ မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တက်ရောက်လာသူများအားလုံးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား နိုင်ငံတော်သီချင်းဖြင့် အလေးပြု၍ အခမ်းအနားကို စတင်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံအစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ပညာရပ်ဆိုင်ရာညီလာခံအား “Towards better GI and Liver Health Care” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ယခုညီလာခံ၌ မြန်မာနိုင်ငံမှ ပညာရှင်များသာမက အိန္ဒိယနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဟောင်ကောင်(တရုတ်နိုင်ငံ)၊ ဗြိတိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဆေးပညာရှင်များ အတွေ့အကြုံ၊ ဗဟုသုတများ အပြန်အလှန် မျှဝေကြမည် ဟုသိရှိရ၍ မြန်မာနိုင်ငံရှိ အထွေထွေရောဂါကုဆရာဝန်များ၊ ဆေးပညာရှင်များ၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ အထူးကုဆရာဝန်များအတွက် ဗဟုသုတနှင့် ကျွမ်းကျင်မှု ပိုင်းဆိုင်ရာများအား လေ့လာခွင့်ရရှိကြမည်ဖြစ်သဖြင့် လူနာဗဟိုပြု ဆေးကုသမှုလုပ်ငန်းများအား ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်စေရေးဆောင်ရွက်လျက်ရှိရာ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ကုသမှုများအတွက် အဆင့်မြင့်ရောဂါ ရှာဖွေရေးစက်ပစ္စည်းများ၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ အဆင့်မြင့်မှန်ပြောင်းများ ထောက်ပံ့ ဖြည့်ဆည်းခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ခုတင်-၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးများတွင် အစာအိမ်၊ အူလမ်းကြောင်း မှန်ပြောင်း ကြည့်ရှုနိုင်ရေးအဆင့်မြှင့်တင်ခြင်း၊ ပြည်တွင်း/ပြည်ပ သင်တန်းများသို့ ဆရာဝန်၊ သူနာပြုများ စေလွှတ်၍ ကုသမှုအရည်အသွေးမြင့်မားရေး ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသည်းရောင်အသားဝါကုသမှု ဆေးဝါးများ လည်း ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဆေးပညာရှင်များ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ယနေ့အထိ အသည်းအစားထိုး ခွဲစိတ်ကုသမှုအကြိမ်ပေါင်း (၃၇)ကြိမ်၊ (၂၀၂၃-၂၀၂၄)ခုနှစ်အတွင်း အစာအိမ်၊ အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုမှု အကြိမ်ပေါင်း (၃၅,၀၀၀)ကျော်၊ သည်းခြေလမ်းကြောင်း မှန်ပြောင်း ကြည့်ရှုမှုအကြိမ်ပေါင်း (၃၀၀၀)ကျော်နှင့် မှန်ပြောင်းကြည့်ရှု၍ အထူးကုသမှုအကြိမ်ပေါင်း (၁၅၀၀)ကျော်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်းနှင့် မြန်မာနိုင်ငံ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ပညာရပ်ဆိုင်ရာဆေးပညာရှင်များ၏ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှုလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်မှုများအား ဂုဏ်ပြုချီးကျူးပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ၊ ဌာနမှူး (အစာအိမ်၊ အူလမ်းကြောင်း)၊ ပါမောက္ခဒေါက်တာသန်းသန်းအေးနှင့် ပါမောက္ခဒုတိယဗိုလ်မှူးကြီးကျော်စိုးထွန်း(ငြိမ်း)တို့က ညီလာခံ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပါမောက္ခဒေါက်တာသန်းသန်းအေး နှင့် ပါမောက္ခ ဒုတိယဗိုလ်မှူးကြီးကျော်စိုးထွန်း(ငြိမ်း)နှင့် ပါမောက္ခ F. Blaine Hollinger တို့က ညီလာခံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ခင်းကျင်းပြသထားသည့် ပညာရပ်ဆိုင်ရာ ညီလာခံပြခန်းနှင့် ဆေးဝါးပြခန်းများကို လှည့်လှည်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ပြခန်းများတွင် ပညာရပ်ဆိုင်ရာပိုစတာ(၂၇)ခုနှင့် ဆေးနှင့်ဆေးပစ္စည်းပြခန်းပေါင်း(၄၁)ခန်းတို့ ခင်းကျင်း ပြသထားပါသည်။
အဆိုပါညီလာခံကို ဒီဇင်ဘာ (၁၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြည်ပနိုင်ငံ (၈)နိုင်ငံမှ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဆေးပညာရှင်များက မြန်မာနိုင်ငံမှ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဆေးပညာရှင်များနှင့်အတူ ဆေးပညာရပ်ဆိုင်ရာဗဟုသုတ မျှဝေခြင်း၊ အတွေ့အကြုံဖလှယ်ခြင်း၊ လက်တွေ့ကုသမှု အတွေ့အကြုံများ မျှဝေခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်သည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆေးကုဌာနရှိ ကျန်းမာရေးဝန်ကြီးဌာန၏ နိုင်ငံတကာအဆင့်မှီ မှန်ပြောင်း ကြည့်ရှုခန်းများတွင် မြန်မာနိုင်ငံမှ ဆေးပညာရှင်များနှင့် နိုင်ငံတကာမှ ညီလာခံသို့ တက်ရောက်လာသော ပါမောက္ခ/အထူးကုဆရာဝန်များနှင့် ပူးပေါင်းဆောင်ရွက်သော အစာအိမ်၊ အူလမ်းကြောင်းမှန်ပြောင်း ကြည့်ရှုကုသမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ အဆိုပါကုသမှုအစီအစဉ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ အစာအိမ်၊ အူလမ်းကြောင်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် (၁၂)ဦးက ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့မှ အစာအိမ်၊ အူလမ်းကြောင်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် (၇)ဦးနှင့်အတူ လူနာ(၁၁)ဦးအား ကုသပေးနိုင်ခဲ့ပြီး SpyGlass မှန်ပြောင်းဖြင့် သည်းခြေလမ်းကြောင်း အတွင်းထိ ကြည့်ရှု၍ကုသခြင်း၊ မုန့်ချိုအိတ်အတွင်း ကျောက်များကို ဖယ်ရှားခြင်း၊ အစာမျိုပြွန်ကြွက်သားရောဂါကြောင့် အစာမျိုချရ ခက်ခဲခြင်းရောဂါအား မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း၊ အစာအိမ်နှင့်အူမကြီးရှိ အစောပိုင်းကင်ဆာများကို ရှာဖွေခြင်းနှင့် မှန်ပြောင်းဖြင့် ဖြတ်တောက်ကုသခြင်း၊ အထူးပုံရိပ်ဖော်မှန်ပြောင်းကို အသုံးပြု၍ ရောဂါရှာဖွေကုသခြင်းတို့ကို ဆောင်ရွက်နိုင် ခဲ့ပါသည်။ အဆိုပါကုသမှုများကို ယခင်က နိုင်ငံရပ်ခြားတွင်သာ ကုသနိုင်သော်လည်း ယခုအခါ ပြည်တွင်း၌ပင် မှန်ပြောင်းဖြင့် သက်သာ ပျောက်ကင်းအောင် ကုသနိုင်ပြီဖြစ်ကြောင်း သိရှိရ သည်။