ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နံနက်ပိုင်းတွင် တက္ကသိုလ်များဆေးရုံ(ရန်ကုန်)သို့ သွားရောက်၍ တက္ကသိုလ်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် အများပြည်သူများအတွက် သွားနှင့်ခံတွင်းဌာန ဖွင့်လှစ်ကုသနေမှုအား သွားရောက်ကြည့်ရှုပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အစီအစဉ်ဖြင့်ဖိတ်ခေါ်ထားရှိသည့် သက်ကြီးရွယ်အို (၂၉)ဦး၊ တက္ကသိုလ်ပေါင်းစုံမှ အငြိမ်းစားတက္ကသိုလ် ဆရာ၊ ဆရာမ၊ ဝန်ထမ်းမိသားစုများ(၁၅)ဦး၊ စုစုပေါင်း(၄၄)ဦးအား အံကပ်များ တပ်ဆင်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် ပြည်သူလူထုအခြေပြု ပဏာမမျက်စိကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြင့် မျက်စိအတွင်းတိမ်လူနာ (၁၅)ဦးအား တက္ကသိုလ်များဆေးရုံ(ရန်ကုန်)တွင် ဖွင့်လှစ်ထားသည့် မျက်စိခွဲစိတ်ကုသဆောင်၌ ခွဲစိတ်ကုသနေမှုများကို လှည့်လည်ကြည့်ရှုပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်မော်မော်သန်း၊ ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့် အဖွဲ့ဝင်များနှင့်အတူ ခွဲစိတ်ပြီးလူနာများအား မျက်မှန်လှူဒါန်းခြင်းနှင့် အာဟာရပြည့်စားသောက် ဖွယ်ရာများလှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်များဆေးရုံ(ရန်ကုန်)၏ ပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်း၊ ဆေးကုသဆောင်နှင့် အထူးကုပြင်ပလူနာဌာန အဆောက် အဦများအား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့ သွားရောက်၍ ဆေးရုံဝင်းအတွင်း အသစ်တည်ဆောက်ပြီးစီးထားသည့် (၄)ထပ်ကုသဆောင်သစ် အဆောက်အဦအတွင်း အခန်းများဖွဲ့စည်းထားရှိမှုနှင့် အသုံးပြုမည့် အစီအစဉ်တို့ကို အထပ်လိုက် လိုက်လံစစ်ဆေးခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်နှင့် ပါမောက္ခများက ကြိုဆိုခဲ့ကြပြီး အဆိုပါအဆောက်အဦ တည်ဆောက်ပြီးစီးမှုနှင့် အသုံးပြုနေမှုအခြေအနေကို ရှင်းလင်းတင်ပြကြခဲ့ပါသည်။
တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ အဆောက်အဦသစ်များကို နိုင်ငံတော်ရန်ပုံငွေကို အသုံးပြု၍ ဆေးရုံများ၌ တိုးချဲ့ဆောက်လုပ်ပေးလျက်ရှိရာ ပြည်သူများအတွက် အကျိုးရှိအောင်အသုံးပြုကြရန် လိုအပ်ပါကြောင်း၊ ဆေးတက္ကသိုလ်(၁)၏ သင်ကြားရေးဆေးရုံတစ်ခု အနေဖြင့် သင်ကြားရေးနှင့်ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းပေးရန်လိုအပ်ပါကြောင်းနှင့်အရေးပေါ်ကုသမှုများကို ၂၄ နာရီကုသမှု ဆောင်ရွက်ပေးရာတွင် အဆင်ပြေစေရေးမှာကြားပြီး အဆောက်အဦသစ်အတွင်း အခန်းများ နေရာချထားမှုနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးမှာကြားခဲ့ပါသည်။
အဆိုပါအဆောက်အဦသည် ၁၈၂ ပေ x ၆၄ ပေ ၄-ထပ် RC အဆောက်အဦဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၁)က တာဝန်ယူ ဆောက်လုပ်ခဲ့ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ရန်ပုံငွေ စုစုပေါင်း (၂၁၁၆.၆၆၄) ကျပ်သန်း ကုန်ကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံကြီး၏အထူးကုပြင်ပလူနာဌာန ဖွင့်လှစ်ထားရှိကာ လူနာများ စိတ်ချမ်းသာစွာ ကုသမှုခံယူလျက်ရှိပြီး၊ မကြာမီကျန်ရှိသော အထပ်များတွင် လူနာဆောင်နှင့် သင်ကြားလေ့ကျင့်ရေးအခန်းများ ထားရှိကာဝန်ဆောင်မှု ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ပါသည်။