ရန်ကုန်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Wyndham Grand Hotel ၌ ကျင်းပပြုလုပ် သော ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးကုသမှု ပညာရှင်များ၏ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင် အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပမှ ကင်ဆာဓာတ်ရောင်ခြည် အထူးကုဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာ ရူပဗေဒပညာရှင်များ၊ ဓာတ်ရောင်ခြည်ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း အသက်အရွယ်စံနှုန်းအလိုက် လူ တစ်သိန်း တွင် ကင်ဆာရောဂါ ဖြစ်ပွားမှု (၁၃၅)ဦးနှုန်း ရှိပြီး သေဆုံးမှုနှုန်းမှာ လူတစ်သိန်းတွင် (၉၇)ဦးနှုန်း ရှိသည်ဟု ခန့်မှန်းထားပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံ ကင်ဆာရောဂါဆိုင်ရာဓာတ်ရောင်ခြည် ဆေးကုသမှုပညာရှင်များ၏ ဒုတိယအကြိမ်မြောက်ညီလာခံကို “State-of-the-Art of Hypofractio-nated Radiotherapy: Beyond Feasibility and Compliance” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည် ဖြစ်ပြီး တီထွင်ဆန်းသစ်မှု အသစ်များနှင့် တိုးတက်လာသည့် ကင်ဆာဓာတ်ရောင်ခြည် ဆေးပညာရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှပညာရှင်များသာမက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည် ဆေးကုသမှု ပညာရှင်များ၏ အတွေ့အကြုံဗဟုသုတများ အပြန်အလှန်မျှဝေကြမည် ဟုသိရှိရ၍ မြန်မာနိုင်ငံရှိ အထူးကုရောဂါကုဆရာဝန်များ၊ ဆေးပညာရှင်များ၊ ကင်ဆာရောဂါဓာတ်ရောင်ခြည် အထူးကုဆရာဝန်များနှင့် ဘွဲ့လွန်သင်တန်းသားဆရာဝန်များအတွက် ဗဟုသုတနှင့် ကျွမ်းကျင်မှု ဆိုင်ရာများကို လေ့လာဖလှယ်ခွင့်ရရှိကြမည်ဖြစ်သဖြင့် လူနာဗဟိုပြုကင်ဆာရောဂါဆေးကုသမှု လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးဦးဆောင်လမ်းညွှန်မှုနှင့်အတူ နိုင်ငံ တစ်ဝှမ်း ကင်ဆာရောဂါကုသမှု အဆင့်မြှင့်တင်ရေးအတွက် မူဝါဒ၊ လုပ်ငန်းစဉ်များ ချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ ကင်ဆာရောဂါလူနာများ ကင်ဆာဓာတ်ရောင်ခြည်ကုသမှု များ လက်လှမ်းမီကုသမှုခံယူနိုင်ရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တောင်ကြီးမြို့-စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးတို့၌ ကင်ဆာဓာတ်ရောင်ခြည်ကုသစက်များကို တပ်ဆင်ကာ ကင်ဆာရောဂါလူနာများ အတွက် ဓာတ်ရောင်ခြည်ကုသမှုများကို တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက် (Linear Accelerator – LA) စက်အသစ် (၁)လုံး၊ ၂၀၂၄ ခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အဆင့်မြင့် ကင်ဆာ ဓာတ်ရောင်ခြည်ကုသစက် ဖြစ်သော Bhabhatron II စက် အသစ် (၁)လုံးတို့ကို တိုးချဲ့တပ်ဆင်ကာ အသုံးပြုနိုင်ခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ငွေကျပ် (၁၂)ဘီလီယံခန့် အသုံးပြု၍ ကင်ဆာဆေးဝါးများ ဝယ်ယူအသုံးပြုခဲ့ပြီး မြန်မာနိုင်ငံအတွင်း ကင်ဆာရောဂါကုသမှု အရည်အသွေး မြင့်မားစေရေး၊ ကင်ဆာလူနာများ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုစောင့်ဆိုင်းချိန် သက်သာစေရေး အတွက် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဌာနကို ဓာတ်ရောင်ခြည် ဖြင့် ကင်ဆာရောဂါကုသစက် (LA) (၃)လုံး တပ်ဆင်ပြီးစီးကာ လူနာများကို မကြာမီ ကုသပေး သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် နေပြည်တော်၌ PET-CT (၁)လုံး၊ Cyclotron စက် (၁)လုံးနှင့် LA စက် (၁)လုံး၊ တောင်ကြီးမြို့-စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် LA စက် (၁)လုံး တို့ကိုလည်း အသစ်တပ်ဆင်နိုင်ရေး စီစဉ်ထားရှိ ပြီးဖြစ်ပါကြောင်း၊ ကင်ဆာရောဂါကုသမှုတွင် အဆင်မြင့်နည်းပညာဖြင့် အရည်အသွေးမြင့်ကုသမှုများ ဆောင်ရွက်နိုင်ရေးအတွက် အရေးကြီး သကဲ့သို့ နေရာဒေသနှင့် လူမှုစီးပွားရေးအခြေအနေ နောက်ခံအခြေအနေများအရ ကွဲပြားခြားနားမှု မရှိဘဲ ပြည်သူများ သာတူညီမျှ ခံစားခွင့်ရရှိနိုင်ရေး အတွက်လည်း အလေးထားကာ ကင်ဆာရောဂါ ကုသရေးအဆင့်မြှင့်တင်မှုများကို ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရာတွင် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၏ ဆောင်ရွက်မှုများ အရေးကြီးသဖြင့် အားလုံး တက်ညီလက်ညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ကင်ဆာရောဂါဓာတ်ရောင်ခြည်ဆေးပညာရှင်များအဖွဲ့မှ ဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာခင်ချိုဝင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာဓာတ်ရောင်ခြည်ဆေးပညာ ဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာမိုးလှိုင်နှင့် အင်ဒိုနီးရှားနိုင်ငံ Cipto Mangunkusumo Hospital မှ ကင်ဆာဓာတ်ရောင်ခြည်ဆေးကုသမှုဆိုင်ရာ ပါမောက္ခ Professor Soehartati A. Gondhowiardjo တို့က ညီလာခံကြိုဆိုနှုတ်ခွန်းဆက်စကား အသီးသီး ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ပါမောက္ခဒေါက်တာခင်ချိုဝင်း၊ ပါမောက္ခ ဒေါက်တာမိုးလှိုင် တို့က ညီလာခံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ခင်းကျင်းပြသထားသော ပညာရပ် ဆိုင်ရာ ပိုစတာများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
အဆိုပါ ညီလာခံကို ဇန်နဝါရီလ (၁၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ Hybrid စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပညာရှင်များသာမက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည် ဆေးကုသမှုပညာရှင်များ ကပါ အတွေ့အကြုံဗဟုသုတများ အပြန်အလှန်မျှဝေကြမည်ဖြစ်ပါသည်။ ထို့ပြင် ညီလာခံ၌ ပညာ ရပ်ဆိုင်ရာ ပိုစတာ (၁၃)ခုနှင့် ပညာရပ်ဆိုင်ရာ ပြခန်းပေါင်း (၂၃)ခန်း ခင်းကျင်းပြသထားပါသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက် (LA)အနေဖြင့် ပြည်သူ့ဆေးရုံများတွင် (၁၄)လုံး၊ ပုဂ္ဂလိကဆေးရုံများတွင် (၇)လုံး၊ စုစုပေါင်း (၂၁)လုံး၊ Cobalt ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်အနေဖြင့် ပြည်သူ့ဆေးရုံများတွင် (၃)လုံး၊ Brachytherapy ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက် အနေဖြင့် ပြည်သူ့ဆေးရုံများတွင် (၅)လုံး၊ ပုဂ္ဂလိကဆေးရုံများတွင် (၄)လုံး တပ်ဆင်ကာ ကင်ဆာရောဂါလူနာများအား ကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး လူနာများ စောင့်ဆိုင်းချိန် လျော့နည်းစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများက စနေ၊ တနင်္ဂနွေနေ့များ အပါအဝင် နေ့၊ ည နှစ်ဆိုင်း ခွဲ၍ ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါသည်။