ရန်ကုန်၊ ၂၀၂၅ ခုနှစ် မတ်လ ၈ ရက်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်၊ မြောင်းတကာတိုက်နယ်ဆေးရုံသို့ သွားရောက်၍ လူနာဆောင်များ၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ဆေးသိုလှောင်ခန်း၊ ဆေးမှတ်တမ်းဌာနနှင့် ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုကာ ဆေးကုသရေးလုပ်ငန်းများဆောင်ရွက်မှု၊ ခွဲစိတ်ခန်းပြင်ဆင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ကြည့်ရှု စစ်ဆေးပြီး ဆေးရုံလုပ်ငန်းများ တိုးတက်စေရေး မှာကြားကာ လူနာများအား အားပေးစကား ပြောကြားပြီး တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောင်းတကာကျေးလက်ကျန်းမာရေးဌာနသို့သွားရောက်၍ မိခင်ကလေးကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လာရောက် ကြသူများအား တွေ့ဆုံအားပေးကာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးထားသည့် ဆေးဝါးများအသုံးပြုမှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများကိုစစ်ဆေးကာ ဆေးဝါးများ အကျိုးရှိစွာ အသုံးပြုစေရေးနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စေတနာထားဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ဆေးရုံရှိ ရှေးဟောင်းအဆောက်အဦဖြစ်သည့် ဆာဘိုးသာဆောင်အား ပြင်ဆင် ထိန်းသိမ်းမှုဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဆေးတက္ကသိုလ်ကျောင်းသား/သူများ စာသင်ကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံခဲ့ပါသည်။ ထို့နောက်တွေ့ဆုံပွဲတွင် ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများက ဆေးရုံလုပ်ငန်း ဆောင်ရွက်မှုများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်းပေးပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍတိုးတက်ရေးအတွက် ရန်ပုံငွေများ ခွဲဝေပေးလျက်ရှိရာ အဆိုပါရန်ပုံငွေများကို အကျိုးရှိစွာအသုံးပြုရန်လိုအပ်ပါကြောင်း၊ အောက်ဆီဂျင်အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများအသုံးပြုရာတွင် မလိုအပ်ဘဲ အလဟဿ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စနစ်တကျဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူများစိုက်ထုတ်သုံးစွဲရသည့် ကုန်ကျစရိတ်လျော့နည်းကျဆင်း ရေးအတွက် ကျန်းမာရေးဝန်ထမ်းများအားလုံး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးရုံစီမံခန့်ခွဲသူများနှင့် ဆေးကုသမှုဆောင်ရွက်သည့် အထူးကုဆရာဝန်ကြီးများ အပြန်အလှန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ဆေးရုံလုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ အားကိုးယုံကြည်ရသည့် ပြည်သူ့ဆေးရုံ ဖြစ်စေရေးအတွက် လူနာများအရေးပေါ်လူနာဌာနသို့ ရောက်ရှိချိန်မှစတင်ကာဆေးကုသမှု၊ ဆေးဝါးများဖြည့်ဆည်းပေးနိုင်မှု၊ ဆက်ဆံရေးစသည်ဖြင့် အကောင်းဆုံး ဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံများကုသမှုအရည်အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသမှု ရလဒ်ကောင်းများရရှိစေရေးအတွက် တစ်ဦးတစ်ယောက်ချင်းစီအလိုက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မျိုးဆက်သစ်များကိုလည်း လက်ဆင့်ကမ်းသင်ကြား ပေးကြရမည်ဖြစ်ပါကြောင်း၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးသည် ဗဟိုအဆင့်ဆေးရုံကြီးလည်းဖြစ်ပြီး သင်ကြားရေးဆေးရုံကြီးဖြစ်သည့်အလျောက်အဆင့်မြင့်ကုသမှုများကို ဆောင်ရွက်ပေးနိုင်သည့် ဆေးရုံကြီးဖြစ်စေရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်နေကြ ရမည်ဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးပေးခန်း (hospital dispensary)၊ အရေးပေါ်လူနာဌာန၊ ဓာတ်ခွဲခန်း၊ သွေးလှူဘဏ်၊ ဓာတ်မှန်ဌာန၊ ဖျားနာလူနာ ဆောင်၊ ခွဲစိတ် ကုသဆောင်၊ ခွဲစိတ်ခန်းတို့အား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းခဲ့ ပါသည်။
အင်းစိန်ပြည်သူ့ဆေးရုံကြီး၏ ဆာဘိုးသာဆောင်ကို (၁၉၂၈)ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့က Sir Po Tha and Lady Thar တို့မှ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက် အကုန်အကျခံကာ ရှေးဟောင်း အဆောက် အအုံများ ကာကွယ်ထိန်းသိမ်းရေးဉပဒေ၊ နည်းဉပဒေများနှင့်အညီ အကြီးစားမွမ်းမံပြင်ဆင်ထားသည့် ရှေးဟောင်းလက်ရာစာရင်းဝင် အဆောက်အအုံတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။