11 Mar 25MOHSAdmin3

မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့(တပေါင်းလပြည့်နေ့) အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်၊ မတ်လ ၁၀

      ၁၃၈၆ ခုနှစ်    တပေါင်းလပြည့်နေ့တွင်ကျရောက်မည့်     မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ (၁၀-၃-၂၀၂၅) ရက်နေ့နံနက်ပိုင်းတွင်  ကျင်းပသည်။ အခမ်းအနားတွင် သဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆောင်ရွက်ပြီး အခမ်းအနားကို  နဝရတ်ကတိသစ္စာ သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်သည်။

                             

      

                             

     ထို့နောက်သဘာပတိက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကျင်းပခြင်းရည်ရွယ်ချက်မှာ ပညာရှင် ရှေးဆေးသမား၊ ကျေးဇူးတရား မမေ့ငြားဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်ခဲ့ကြသော သမားတော်ကြီးများ၏ ဂုဏ်ကျေးဇူးများ၊ ခက်ခဲနက်နဲသော မြန်မာ့တိုင်းရင်းဆေးပညာရပ်၏ ဂုဏ်ကျေးဇူးများကို လေးစားဂုဏ်ပြုသောအားဖြင့် တပေါင်းလပြည့်နေ့အား မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ တပေါင်းလသည် ဆောင်းဥတုအကုန် နွေဥတုအစဖြစ်သောကြောင့် ရာသီဥတုမှာ မပူလွန်းမအေးလွန်းဘဲ ညီညွတ်မျှတသော အချိန်ကာလဖြစ်ပါကြောင်း၊   နေ၊ လ၊ ကြယ်တာရာ၊ (၂၇)လုံးသောနက္ခတ်နှင့် ဂြိုဟ်ကြီး()လုံးတို့ တစ်ပေါင်းတစ်စည်းတည်း ပြည့်စုံစွာထွက်ပေါ်သော          အချိန်အခါလည်းဖြစ်ပါကြောင်း၊  ရွက်ဟောင်းကြွေ၍ တစ်ဖန်ထွက်ပေါ်လာ သော ရွက်သစ်များက အာဟာရပြည့်ဝပြီး ဆေးဖက်ဝင်စေကာ သက်ရှိသတ္တဝါများအပေါ် သဘာဝအလျောက် ကျန်းမာရေးညီညွတ်မှုကို ဖြစ်စေခြင်းတို့ကြောင့် တပေါင်းလပြည့်နေ့ကို နေ့ကောင်းနေ့မြတ်အဖြစ် မှတ်တမ်းပြု၍ မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ဟုသတ်မှတ်ကာ ခေတ်အဆက်ဆက် သမားတော်ကြီးများက အစဉ်အလာမပျက် ကျင်းပခဲ့ကြခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တွင်  တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မယ့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ  ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း  အမျိုးသားကျန်းမာရေးမူဝါဒနှင့်အညီ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့်  တိုင်းရင်းဆေးဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဦးစားပေးတိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့်  တိုင်းရင်းဆေးညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်ရေးတို့အတွက် မူဝါဒချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊

                              

 

                              

       ဒါ့အပြင်တိုင်းရင်းဆေးပညာ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ယခင်ကတိုင်းရင်းဆေးပညာ ဒီပလိုမာချီးမြှင့်ခဲ့ရာမှ  နိုင်ငံတော်က ၂၀၀၂ ခုနှစ်တွင် တိုင်းရင်းဆေးတက္ကသိုလ် ဖွင့်လှစ်၍ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့၊  မြန်မာ့တိုင်းရင်းဆေးပညာပါရဂူဘွဲ့အထိ အဆင့်ဆင့်တက်လှမ်းနိုင်ရန် စဉ်ဆက်မပြတ် အလေးထားပံ့ပိုးလျက်ရှိပါကြောင်း၊  တိုင်းရင်းဆေးပညာကဏ္ဍကို ခေတ်နဲ့အညီရင်ဘောင်တန်းနိုင်စေရန် “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင်” စသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသော ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများတွင် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပါဝင်တက်ရောက်ဆွေးနွေး ညှိနှိုင်းပြီး တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းဆေးသမားတော်များအနေဖြင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ၏ ဂုဏ်ပုဒ်မြင့်အောင် အရှိန်အဟုန်ဖြင့် ကြိုးစားကြရမှာဖြစ်ပြီး အားလုံးဝိုင်းဝန်းကြံဆ၍ မြန်မာ့တိုင်းရင်းဆေးလောက ပိုမိုတိုးတက်အောင် ခေတ်စနစ်နှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကြီးသည် တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်ပြီး အောင်မြင်တိုးတက်ပါစေလို့ ဆုမွန်ကောင်းတောင်းပါကြောင်း အမှာစကားပြောကြားပါသည်။

ဆက်လက်၍ မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကျင်းပရခြင်းနှင့်ပတ်သက်ပြီး တိုင်းရင်းဆေး ပညာဦးစီဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ရှင်းလင်းပြောကြားသည်။

                             

      အစီအစဉ်အရ သက်ကြီး၊ ဝါကြီး တိုင်းရင်းဆေးသမားတော်ကြီးများအား ဂါရဝပြုလက်ဆောင်များပေးအပ်ခြင်းတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ နာယက ဆရာကြီး ဦးမြင့်လွင်နှင့် စွမ်းဆောင်ရည်ဆုရ ဝန်ထမ်းတိုင်းရင်းဆေးဆရာများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပြီးစွမ်းဆောင်ရည်ဆုရ ခုတင်(၅၀)ဆံ့၊ တိုင်းရင်းဆေးရုံ၊ ပဲခူးမြို့မှ ဆေးရုံအုပ် ဦးအောင်စိုးလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်သည်။

More Tags