22 Mar 25MOHSAdmin3

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျင်းပသည့်မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး CT Scanner (64 Slices) ကွန်ပျူတာဓာတ်မှန်စက်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

     နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပြည်သူ့ဆေးရုံကြီး၌ CT Scanner (64 Slices) ကွန်ပျူတာ ဓာတ်မှန်စက်သစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ တနင်္သာတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်နှင့် မြို့နယ် ဌာနအသီးသီးမှ ဧည့်သည်တော်များ၊ မြို့မိမြို့ဖများ၊ တနင်္သာရီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

                             

     ရှေးဦးစွာ ကွန်ပျူတာဓာတ်မှန်စက်အသစ် ထားရှိရာအဆောင်ရှေ့၌  ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လူမှုရေးရာဝန်ကြီး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြို့မိမြို့ဖ ဒေါက်တာအောင်လွင်တို့က ကွန်ပျူတာဓာတ်မှန်စက်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ကွန်ပျူတာဓာတ်မှန်စက်အသစ်နှင့် ကျောက်ကပ် သွေးသန့်စင်ခန်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

                            

     ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်၊ မူဝါဒ၊ လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်နိုင်ရန်အတွက် နည်းဗျူဟာများ၊ ရေတို၊ ရေရှည် လုပ်ငန်းစဉ်များ၊ ရေးဆွဲကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရက ကျန်းမာရေးနှင့်ပညာရေးကဏ္ဍအတွက် အလေးထား ပံ့ပိုးပေးမှုနှင့်အတူ ပြည်သူများစိုက်ထုတ်ကုန်ကျရသည့် ကျန်းမာရေးကုန်ကျစရိတ် လျော့နည်းစေရေးနှင့် ကုသမှုအရည်အသွေးမြင့်မားရေးတို့ကို အထူးအလေးထားဆောင်ရွက် လျက်ရှိပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြည့်ဆည်းခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ခေတ်မီရောဂါရှာဖွေရေးနှင့် စက်ကိရိယာများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မှန်ကန်တိကျသည့် ရောဂါရှာဖွေစစ်ဆေးမှုများ လိုအပ်ခြင်းကြောင့် ရောဂါရှာဖွေရေးအတွက် ဆေးရုံအလိုက် သတ်မှတ်ထားသည့် ဓာတ်ခွဲစစ်ဆေးမှုများ၊ ပုံရိပ်ဖော်ရောဂါရှာဖွေမှုများ ဆောင်ရွက်နိုင်ရေးနှင့် ယခုထက်ပိုမိုပြည့်စုံသော ဝန်ဆောင်မှုများဆောင်ရွက်ပေးနိုင် ရေးအတွက် လိုအပ်သောခေတ်မီစက်ပစ္စည်းများ နှင့် ဆေးပစ္စည်းများ ထောက်ပံ့ထားရှိပါကြောင်း၊ (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်ခွင့်ပြုရန်ပုံငွေဖြင့် ဆေးရုံသုံးစက် ပစ္စည်းကိရိယာ တန်ဖိုးငွေကျပ် (၁၆၂)ဘီလီယံကျော်ကို ဝယ်ယူခဲ့ပြီး ပြည်သူ့ဆေးရုံကြီးများတွင် 64 Slice CT Scanner စက်အသစ်များ တပ်ဆင်အသုံးပြုနိုင်ခဲ့ပါကြောင်း၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသည် ခုတင်(၂၀၀)ဆံ့ ဆေးရုံဖြစ်သဖြင့် ဆေးပညာ၊ ခွဲစိတ်၊ သားဖွား မီးယပ်၊ ကလေး၊ အရိုး၊ အကြောနှင့် ထိခိုက်ဒဏ်ရာ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြား၊ စိတ်ကျန်းမာရေး၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဌာနများ၊ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ သွားနှင့်ခံတွင်း ဌာန၊ မေ့ဆေးဌာနနှင့် ရောဂါရှာဖွေရေး လုပ်ငန်းများအတွက် ဓာတ်ခွဲဌာနနှင့် ဓာတ်မှန်ဌာနများ ဖွင့်လှစ်၍ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက် ရှိပါကြောင်း၊ ပုံမှန်ကုသရေး လုပ်ငန်းများအပြင် အရေးပေါ် ဦးနှောက်သွေးခဲခွဲထုတ်ခြင်း (Burr hole surgery)၊ ခွဲစိတ်စရာမလိုဘဲ အဏုစိတ်မှန်ဘီလူးဖြင့် ခွဲစိတ်ကုသမှု (Laparoscopic Surgery)၊ ကျောက်ကပ် သန့်စင်ခြင်း (Haemodialysis) တို့ကိုလည်း ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ယခုကဲ့သို့ ပိုမိုတိကျစွာရောဂါရှာဖွေပေးနိုင်ပြီး ပိုမိုလုပ်ဆောင် နိုင်သည့် 64 Slice CT Scanner ကို တပ်ဆင်ပေးနိုင်ခြင်းဖြင့် မြိတ်မြို့ပေါ်သာမက မြိတ်မြို့နှင့် အနီးတဝိုက်ရှိ ပြည်သူများအနေဖြင့် ပိုမိုပြည့်စုံကောင်းမွန်သောရောဂါရှာဖွေမှုအား အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယခုလို 64 Slice CT Scanner ဖွင့်လှစ်နိုင်ရေးနှင့် ကုသရေးလုပ်ငန်းများအား ပံ့ပိုးကူညီပေးကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ ပါသည်။

                             

     ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက အမှာစကားပြောကြားရာတွင် ယခုလို အမှန်လိုအပ်နေသော ပိုမိုကောင်းမွန်သည့် 64 Slice CT Scanner စက်ကို ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆက်လက်ပံ့ပိုးဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ‌ဒေါက်တာသန္တာမျိုးဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

                             

     နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ မြိတ်ခရိုင်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အစိုးရ၏ အားပေးပံ့ပိုးမှုနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၊ လူနာများနှင့် ဆက်ဆံရေးကောင်းမွန်ပြီး ပြည်သူများ အားကိုးယုံကြည်ရသည့် ကျန်းမာရေးဝန်ထမ်းများ ဖြစ်စေလိုပါကြောင်း၊ ရောဂါများကို စောစီးစွာရှာဖွေတွေ့ရှိနိုင်စေရေး၊ သွားလာရခက်ခဲသည့်ဒေသများမှ ပြည်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိနိုင်ရေးအတွက် အထူးကုပြင်ပလူနာဌာနများ တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် မြိတ်မြို့အနီးတဝိုက်ရှိဒေသများသို့ အထူးကုကွင်းဆင်းကုသရေးလုပ်ငန်းများ ဆောင်ရွက်စေလိုပါကြောင်းမှာကြားပြီး  ဆေးရုံအုပ်ကြီး၊ ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊  သားဖွားသင်တန်းကျောင်း ကျောင်းအုပ်၊ ဒု-တိုင်းရင်းဆေးမှူး၊ ခရိုင်အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းမှာကြားခဲ့ကြပါသည်။ ထို့နောက် ဆေးရုံအတွင်း လူနာဆောင်များ၊ အရေးပေါ် လူနာဌာန၊ ပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်း၊ သွေးလှူဘဏ်နှင့် ဓာတ်မှန်ဌာနများသို့ လှည့်လည်ကြည့်ရှုကာ ဆေးရုံလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်စေရေး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

                             

     ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့ သားဖွားသင်တန်းကျောင်းသို့ သွားရောက်၍ တွေ့ဆုံအမှာစကားပြောကြားပြီး နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ချီးမြှင့်ငွေများကိုလည်းကောင်း၊ မြို့မိမြို့ဖ များက ဆန်အိတ်၊ ဆီပုံးများ၊ ကြက်ဥများကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ထွန်းက ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကာ သားဖွားသင်တန်း ကျောင်း ကျောင်းအုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

More Tags