ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၏ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၏ (၅၈)ကြိမ်နှင့် (၅၉)ကြိမ်မြောက်ဘွဲ့နှင်း သဘင်အခမ်းအနားကို (၂၀၂၅)ခုနှစ်၊ မတ်လ(၂၂)ရက်နေ့ နံနက်(၈း၀၀)နာရီအချိန်တွင် လည်းကောင်း၊ အကြိမ်(၆၀)မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ(၂၂)ရက်နေ့ နေ့လည် (၁း၀၀)နာရီ အချိန်တွင်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပြီး ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲကို (၂၂-၃-၂၀၂၅)ရက်နေ့ညနေပိုင်းတွင် ဆေးတ က္ကသိုလ်(၁)၊ ရန်ကုန်၏မြက်ခင်းပြင်တွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ၏ မိဘများနှင့်အတူ တက်ရောက်၍ ဂုဏ်ပြု မိန့်ခွန်း ပြောကြားပါသည်။
ရှေးဦးစွာ ဆေးတက္ကသိုလ်ကျောင်းသူများက “မင်္ဂလာပါ”သီချင်းဖြင့် သီဆိုဖျော်ဖြေ ကြပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမိန့်ခွန်း ပြောကြားရာတွင် ဘွဲ့ရမောင် မယ်တို့ဟာ မှန်ကန်တဲ့ရည်မှန်းချက်ပန်းတိုင်ထားပြီး ကြိုးစားခဲ့ကြတဲ့အတွက် ယခုလိုအောင်မြင်စွာဖြင့်သက်ဆိုင်ရာ ဘွဲ့အသီးသီးကို ထိုက်တန်စွာရရှိခဲ့ကြတာဖြစ်ကြောင်း၊ (၂၀၂၀) ပြည့်နှစ်၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ဖြစ်ပွားခဲ့ခြင်းနှင့် အခြေအနေအမျိုးမျိုးတို့ကြောင့် နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍမှာရှိတဲ့လူ့စွမ်းအားအရင်းအမြစ်တွေ ပြုန်းတီးခဲ့ရပါ ကြောင်း၊ သို့သော်အခက်အခဲများ ကြားကနေ မောင်တို့မယ်တို့လိုနိုင်ငံတော်အပေါ် သစ္စာရိုသေစောင့်သိကြတဲ့ ကျန်းမာရေးဝန်ထမ်းကောင်းတွေရဲ့ ကြံ့ကြံ့ခံကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေ ကြောင့် နိုင်ငံတော်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မောင်တို့/ မယ်တို့ မျိုးဆက်သစ်ဆရာဝန်များအနေဖြင့် နိုင်ငံတော်ရဲ့ ကျန်းမာ ရေးစောင့်ရှောက်မှု စနစ် ပိုမိုခိုင်မာ တောင့်တင်းလာစေဖို့နဲ့ ပြည်သူလုထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းကို ယခင်ကထက် အဆများစွာသာလွန်မြင့်မားလာစေဖို့ အတွက် မဆုတ်မနစ်သော ဇွဲ၊လုံ့လ၊ဝီရိယ တို့ဖြင့် ဝိုင်းဝန်းကြိုးပမ်း တာဝန်ယူဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြား လိုပါကြောင်း၊ မိမိတို့နိုင်ငံလူဦးရေရဲ့အများစုဟာ ကျေးလက် ဒေသမှာ မှီတင်းနေထိုင်ကြတာဖြစ်လို့ နိုင်ငံတော် အကြီးအကဲရဲ့ “ဆေးရုံတိုင်း ဆရာဝန်ရှိရမည်” ဆိုတဲ့ လမ်းညွှန်ချက်နဲ့အညီ ကျေးလက်ဒေသမှာ ရှိတဲ့ ပြည်သူလူထုရဲ့ကျန်းမာရေး စောင့်ရှောက်မှုကို မိမိတို့သင်ကြား တတ်မြောက်ထားတဲ့ ဆေးပညာဖြင့် စေတနာ၊မေတ္တာအပြည့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးကြရမှာဖြစ်ပြီး ခုလိုဆောင်ရွက်ပေးကြရတာ ကိုလည်းဝမ်းမြောက်ဂုဏ်ယူတတ်ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းဘွဲ့လွန်သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး ပြည်ပနိုင်ငံရှိ တက္ကသိုလ်များသို့ မဟာသိပ္ပံ/ ပါရဂူဘွဲ့လွန် သင်တန်းများ၊ ပညာရပ်ဆိုင်ရာရက်တို/ ရက်ရှည် သင်တန်းများ၊ နိုင်ငံတကာ ဆေးပညာဆိုင်ရာ ညီလာခံများ၊ အလုပ် ရုံ ဆွေးနွေးပွဲများ၊ အစည်းအဝေးများကို တက်ရောက်နိုင်ရန် စေလွှတ်ပေး လျက်ရှိတဲ့အတွက် မောင်တို့/မယ်တို့အနေဖြင့် အခွင့်အလမ်းများကို အမိအရလက်ဆုပ်လက်ကိုင်ယူပြီး ကြိုးစားကြစေလို ကြောင်း၊ မိမိတို့နိုင်ငံမှာရှိတဲ့ဆေးတက္ကသိုလ်များဟာ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများနဲ့အညီ သင်ကြားပေးတာဖြစ်တဲ့အတွက် တက္ကသိုလ်များကနေ မွေးထုတ်ပေးလိုက်တဲ့ ဆေးပညာရှင်များဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ဆေးပညာ နယ်ပယ်အသီးသီးမှာ ရင်ဘောင်တန်းနိုင်တာကို လက်တွေ့တွေ့မြင်ရမှာဖြစ်ကြောင်း၊လူနာများကိုကျန်းမာရေးစောင့် ရှောက်မှုပေးရာမှာ(Knowledge နဲ့ Skills) အပြင်ခံယူချက်(Attitude)၊တာဝန်သိစိတ်တို့ရှိဖို့အရေးကြီးသလို ကိုယ်ချင်းစာနာစိတ် (Empathy)၊ သနားကြင်နာစိတ် (Sympathy) တို့အပြင် ဆရာဝန်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ် (Medical Ethics) ကိုမြဲမြံစွာ လိုက်နာကျင့်သုံးရမည် ဖြစ်ပါကြောင်း၊ မောင်တို့၊မယ်တို့အနေဖြင့် ပြည်သူများရဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများမှာ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ မိဘ၊ဆရာသမားများ၊ နိုင်ငံတော်နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျေးဇူးတရားကို သိရှိနား လည်ပြီး ဆရာဝန်များ၏ ကတိသစ္စာအတိုင်း တစ်သွေမတိမ်း လိုက်နာကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် ကောင်းကျိုး မင်္ဂလာအဖြာဖြာနဲ့ပြည့်စုံတဲ့ သမားကောင်း များဖြစ်ကြပါစေကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်၊ ဒေါက်တာကျော်ရွှေက ဂုဏ်ပြုညစားစားပွဲ အထိမ်းအမှတ်လက်ဆောင်များကိုပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားပါသည်။ ထို့နောက် ဆေးပညာနောက်ဆုံးနှစ်အပိုင်း(ခ)တွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသော ကျောင်းသား/ကျောင်းသူ (၅)ဦးအား သက်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများက ဂုဏ်ပြုတံဆိပ်များပေးအပ်ချီးမြှင့်ပါသည်။ ဆက်လက်၍ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် သီဆိုဖျော်ဖြေကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဂုဏ်ပြုည စာစားပွဲကို ရုတ်သိမ်းခဲ့ပါသည်။
ယနေ့ ဆေးတက္ကသိုလ်(၁)ဘွဲ့နှင်းသဘင် အခမ်း အနားများ၌ (၅၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ဆေးလက်တွေ့ပါရဂူဘွဲ့(၇၅)ဦး၊ ပါရဂူဘွဲ့(၉)ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ (၁၅၃)ဦး၊ ဒီပလိုမာ (၂၀)ဦးနှင့် ဆေးပညာဘွဲ့(၆၀)ဦး တို့ကိုလည်းကောင်း၊ (၅၉)ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားတွင် ဆေးလက်တွေ့ပါရဂူဘွဲ့(၂၅)ဦး၊ ပါရဂူဘွဲ့(၂)ဦး၊ ဆေး ပညာ မဟာသိပ္ပံဘွဲ့(၂၀)ဦး၊ ဒီပလိုမာ (၉)ဦးနှင့် ဆေးပညာဘွဲ့(၁၁၅)ဦး တို့ကိုလည်းကောင်း၊ အကြိမ်(၆၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား တွင် ဆေးလက်တွေ့ပါရဂူဘွဲ့(၁၈)ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့(၆၁)ဦး၊ ဒီပလိုမာ (၁၁)ဦးနှင့် ဆေးပညာဘွဲ့ (၁၇၈)ဦး တို့ကိုလည်းကောင်း၊ ဘွဲ့အပ်နှင်းချီးမြှင့်ခဲ့သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်ကို(၁၉၀၇) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဘွဲ့နှင်းသဘင်အပါအဝင် ဆေးတက္ကသိုလ်(၁)၊ရန်ကုန်မှ မွေးထုတ်ပေးခဲ့သည့် ဆရာဝန်ပေါင်း (၁၈၁၄၄)ဦးရှိခဲ့ပြီး ဆေးလက်တွေ့ပါရဂူဘွဲ့(၆၆၄)ဦး၊ ပါရဂူဘွဲ့ (၁၃၀)ဦး၊ ဆေးပညာမဟာသိပ္ပံ (၄၂၇၅)ဦး နှင့် ဒီပလိုမာ (၁၈၂၄)ဦးတို့ အောင်မြင်စွာ လေ့ကျင့် ပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။