နေပြည်တော်၊ (၂၀၂၅) ခုနှစ်၊ မတ်လ (၂၄) ရက်နေ့
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် နေပြည်တော်၌ ယနေ့၊ နံနက် (၈:၃၀) နာရီတွင် ကျင်းပခဲ့သည့် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -တီဘီရောဂါသည် အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်သောရောဂါဖြစ်ပြီး ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံးရောဂါများထဲမှ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဦးစားပေးဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ရပ်လည်းဖြစ်ကြောင်း၊“၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ တီဘီရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ကို သုညအထိ လျှော့ချရန်” ရည်မှန်းချက်ဖြင့် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို နှီးနွယ်ဝန်ကြီးဌာနများ၊ ပြည်တွင်း/ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တီဘီရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုမည့် တီဘီဆေးနှင့်ဆေးပစ္စည်းများကို နိုင်ငံတော် ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးလျက်ရှိရာ (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် (၁၅.၅) ဘီလီယံ ခွဲဝေချထားသုံးစွဲခဲ့ပါကြောင်း၊ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရွေ့လျားတီဘီရောဂါရှာဖွေရေးအဖွဲ့ များဖြင့် လူနေထူထပ်သော မြို့ပြဒေသများ၊ သွားလာရခက်ခဲသောဒေသများ၊ လုပ်ငန်းခွင်များနှင့် အကျဉ်းထောင်များတွင် တီဘီလူနာများရှာဖွေခြင်း၊ စေတနာ့ဝန်ထမ်းများဖြင့် ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခြင်းများကို အရှိန်အဟုန်မြှင့်တိုးချဲ့ ဆောင်ရွက်ကြမှသာ ပြည်သူလူထုအတွင်း တီဘီ ရောဂါကူးစက်ပြန့်ပွားမှုကို လျှော့ချနိုင်မှာဖြစ်ကြောင်း။ တီဘီလူနာရှာဖွေတွေ့ရှိမှုနှုန်း၊ ဆေးကုသ မှုအောင်မြင်နှုန်း ရည်မှန်းချက်မပြည့်မီသော တိုင်းဒေသကြီး/ ပြည်နယ်များအနေနှင့် ပိုမို၍ ကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း။
တီဘီလူနာတွေ့ရှိပါက ကျန်းမာရေးဝန်ကြီးဌာနသို့ မဖြစ်မနေမပျက်မကွက်သတင်းပို့ကြရန်လိုအပ်ပြီး တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းများ ပိုမိုပါဝင်လာအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ကလေးများတွင် တီဘီရောဂါရှာဖွေခြင်းကို အဆင့်မြင့်ဓါတ်ခွဲပစ္စည်းများဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ကျောင်းအခြေပြုတီဘီရောဂါရှာဖွေရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ တီဘီလူနာနှင့်အတူနေမိသားစုထဲမှ အသက်ငါးနှစ်အောက် ကလေးများကို တီဘီရောဂါမဖြစ်ပွားအောင် တီဘီရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်လျက်ရှိပြီး အသက်(၅)နှစ်အထက်ရှိသူများကိုလည်း တီဘီရောဂါကာကွယ်ဆေးတိုက်ကျွေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းသည် တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းတွင် အချိန်မရွေး၊ နေရာဒေသမရွေး စမ်းသပ်စစ်ဆေး ပေးနိုင်သည့် အဆင့်မြင့်နည်းပညာသုံးစက်ပစ္စည်းများကို အသုံးပြုသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊၂၀၂၅ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ဆောင်ပုဒ်ဖြစ်သည့် “တီဘီရောဂါပပျောက်ဖို့၊ ကတိပြုရင်းနှီးမြှုပ်နှံလို့၊ အားလုံးပါဝင်ဆောင်ရွက်စို့” နှင့်အညီ တီဘီရောဂါပပျောက်ရေးအတွက် အားလုံးပါဝင်ကတိကဝတ်ပြုကြပြီး လူအင်အား၊ ငွေအင်အားရင်းနှီးမြှုပ်နှံကြကာ တီဘီရောဂါ ကာကွယ်ကုသရေးဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီရရှိနိုင်ရန် အားလုံးလက်တွဲပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြခန်းငယ်အား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်၌ ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ အခြားနှီးနွယ်ဝန်ကြီးဌာန များမှ တာဝန်ရှိသူများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြား ထားသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။