(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် (18-9-2019)

Union Minister Dr. Myint Htwe attends the 16th Myanmar Health Sector Coordination Committee, M-HSCC meeting

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာ (၁၉)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စက်တင်ဘာ (၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သော (၁၆) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (16th Myanmar Health Sector Coordination Committee, M-HSCC) အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မွန်ပြည်နယ်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဖြစ်စဉ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များတွင် ကျန်းမာရေးကဏ္ဍဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီတွင်ပါဝင်သည့် အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း၊

• အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးကဏ္ဍ တုံ့ပြန် ဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများကို ပြန်လည်ဆန်းစစ်သုံးသပ်မှု (after action review) များပြုလုပ်၍ အားသာချက်၊ အားနည်းချက် နှင့် လိုအပ်ချက်များကို ဖော်ထုတ်ကာ နောင်ကြုံတွေ့နိုင်သည့် ဖြစ်စဉ်များတွင် အားဖြည့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

• ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးကဏ္ဍ တုံ့ပြန်ဆောင်ရွက်မှု လမ်းညွှန်များ၊ စံလုပ်ထုံး လုပ်နည်းများကို မွမ်းမံပြင်ဆင်သွားရမည်ဖြစ်ပါကြောင်း၊

• ခုခံအားကျဆင်းမှု (HIV/AIDS) ရောဂါ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှုဆိုင်ရာ၊ ရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာနှင့် စီမံချက်လုပ်ငန်းဆိုင်ရာ လေ့လာဆန်းစစ်မှု (joint programme review mission and oversight visit) များမှ တွေ့ရှိချက်များကို တင်ပြ ဆွေးနွေးမှု အစည်းအဝေးများ ပြုလုပ်ခဲ့ရာတွင် တွေ့ရှိချက်များနှင့် အကြံပြု ဆွေးနွေးချက်များ သည် အဆိုပါ ရောဂါများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအတွက် များစွာ အထောက်အပံ့ဖြစ်စေ နိုင်မည်ဖြစ်ပါကြောင်း၊

 

• အဆိုပါ အစီရင်ခံစာများကို သက်ဆိုင်သူအားလုံးမှ လေ့လာ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနသည် နှီးနွှယ်ဆက်စပ်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ယခုနှစ်အတွင်း ဖြစ်ပွားသည့် ရာသီတုပ်ကွေးရောဂါ (Influenza A(H1N1)pdm09) ဖြစ်ပွားမှုဖြစ်စဉ်ကို အောင်မြင်စွာထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ပြီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း အသွင်ပြောင်း ပိုလီယိုအကြောသေရောဂါဖြစ်ပွားမှုတွင်လည်း ပိုလီယိုကာကွယ်ဆေး တုံ့ပြန်တိုက်ကျွေးမှုနှင့် အစုလိုက်တိုက်ကျွေးမှုလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ခဲ့ပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် အကျဉ်းကျရခံရသူများအတွက် ကျန်းမာရေးလုပ်ငန်းများကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် နှီးနွှယ်ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် အလှူရှင်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပံ့ပိုးသည့် ရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• (၂၀၁၆) ခုနှစ်၊ ဧပြီလမှ ယနေ့အထိ ဝန်ထမ်း (၂၇၁၃၇) ဦး အသစ်ခန့်အပ်ထားခဲ့ကာ လုပ်ငန်း များ ပိုမိုထိရောက်စွာ အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အခြေခံကျန်းမာရေးဝန်ထမ်းများညီလာခံကို စက်တင်ဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပခဲ့ပြီး အဆိုပါ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များအတွက် စွမ်းဆောင်ရည် မြှင့်တင်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• Access to Health Fund မှ (၂၀၁၉-၂၀၂၃) ခုနှစ် (၅) နှစ်တာကာလအတွက် ပြည်နယ် (၇) ခုနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၁၄၄) မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုလက်လှမ်းမီရရှိရေးအတွက် ဝန်ကြီးဌာနနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများထံသို့ အမေရိကန်ဒေါ်လာ (၂၁၅) သန်းကို ပံ့ပိုးပေးသွားမည်ဖြစ်သည်ကို သိရှိရပြီး ဝန်ကြီးဌာနထံသို့ လာမည့် (၂) နှစ်တာကာလအတွက် အမျိုးသား ကျန်းမာရေးစီမံကိန်း အကောင်အထည်ဖော်ခြင်း၊ တီဘီ ရောဂါနှင့် ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး၊ မူးယစ်ဆေးစွဲကုသခြင်း၊ အသည်းရောင် အသားဝါကာကွယ်ကုသခြင်း၊ အာဟာရဖွံ့ဖြိုးရေး၊ ကလေးကျန်းမာဖွံ့ဖြိုးရေးနှင့် မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ (၁၀.၈၉) သန်း ပေးအပ်မှုကို ထိရောက်အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊

• JICA အဖွဲ့အနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး စီမံကိန်းနှင့် ဆေးရုံစီမံခန့်ခွဲမှု၊ ညွှန်းပို့ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ အဆင့်မြှင့်တင်မှု၊ ရောဂါနှိမ်နင်းရေးလုပ်ငန်းများ စသည်ဖြင့် များစွာသော လုပ်ငန်းကဏ္ဍများ တွင် ဝန်ကြီးဌာနအား ပံ့ပိုးပူးပေါင်းဆောင်ရွက်လျက်ရှိသည်မှာ ကျေနပ်ဖွယ်ကောင်းပါကြောင်း၊

 

• USAID အဖွဲ့၏ ရန်ပုံငွေဖြင့် Defeat malaria၊ UNAID၊ Jhpiego၊ Access to health၊ PSM (GHSC) စသော လုပ်ငန်းအကောင်အထည်ဖော်မှု ဖိတ်ဖက်အဖွဲ့အစည်းများမှ ငှက်ဖျား၊ တီဘီနှင့် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိမှုသည် ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို များစွာအထောက်အကူပြုနိုင်ပါကြောင်း၊

• GAVI အဖွဲ့က (၃) နှစ်တာကာလအတွက် WHO၊ UNICEF နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (MMCWA) တို့မှ တဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းလွှမ်းခြုံမှုနှင့် စနစ်ခိုင်မာအားကောင်းရေးအတွက် အမေရိကန်ဒေါ်လာ (၆၁.၈) သန်းထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် GAVI အဖွဲ့၏ ပံ့ပိုးမှုဖြင့် ဝန်ကြီးဌာနမှ Rota ဝမ်းပျက်ဝမ်းလျော ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ ကို (၂၀၂၀) ခုနှစ်တွင် စတင်၍ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊

 

• Global Fund မှ ရန်ပုံငွေများကို ပိုမိုထိရောက်စွာသုံးစွဲနိုင်ရေးနှင့် ရန်ပုံငွေများ ပိုမိုရရှိရေးအတွက် MHSCC ၏ executive working group ကို ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ခြင်းသည် ကောင်းမွန်သော လက္ခဏာ တစ်ရပ်ပင်ဖြစ် ပါကြောင်း၊

• လုပ်ငန်းအကောင်အထည်ဖော်မှု မိတ်ဖက်အဖွဲ့အစည်းများ၏ ပြောင်းလဲလာသော လုပ်ငန်းရည် မှန်းချက်နှင့် ဦးတည်ချက်များကို ဝန်ကြီးဌာနမှ သိရှိနားလည်ပြီး နိုင်ငံ၏လိုအပ်ချက်နှင့်အညီ မဟာဗျူဟာများကို ပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• အလှူရှင်အဖွဲ့အစည်းများထံမှ ရန်ပုံငွေများဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သူ (sub recipient) များ အနေဖြင့်လည်း ရန်ပုံငွေအသုံးပြုမှုများကို အထိရောက်ဆုံး၊ အကျိုးအရှိဆုံးဖြစ်စေရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်မှုနှင့် အောင်မြင်မှု အခြေအနေများကို စောင့်ကြပ်ကြည့်ရှု ဆန်းစစ်ရန် အတွက် monitoring checklist များ ရေးဆွဲချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• အလှူရှင်အဖွဲ့အစည်းများထံမှ ရန်ပုံငွေများဖြင့် လုပ်ငန်းဆောင်ရွက်သည့် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များကို ဆန်းစစ်၍ အဆိုပါအဖွဲ့အစည်းများ အတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊

• ယခုအစည်းအဝေး၌ ကော်မတီတွင်ပါဝင်သော အဖွဲ့အစည်းများအနေဖြင့် ဝန်ကြီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့စေရေး အကြံပြုချက်များ ကို ပွင့်လင်းစွာဖြင့် ပေးအပ်စေလိုပါကြောင်း၊

• အဖွဲ့အစည်းများအကြား အတွေ့အကြုံဝေမျှခြင်းများ ပြုလုပ်စေလိုပြီး လိုအပ်ချက်များကို ဝန်ကြီးဌာနထံသို့ တင်ပြ ပေးပို့စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါ အစည်းအဝေးတွင် Access to health, ADB, World Bank, UK AID, JICA နှင့် USAID အဖွဲ့များမှ မြန်မာနိုင်ငံသို့ ပံ့ပိုးပေးအပ်နေမှုများ၏ နောက်ဆုံးအခြေအနေ (update) များကို တင်ပြခဲ့ပြီး တာဝန်ရှိသူများမှ အသီးသီးရှင်းလင်းတင်ပြဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကာ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ ကြပါသည်။

 

     အစည်းအဝေးတွင် M-HSCC Secretariat က last meeting minutes action points ကိုတင်ပြခဲ့ပြီး NSP development and concept note process, Updates on public health emergencies, Updates on access to health, ADB, World bank, UK AID, JICA, USAID, Updates on NIMU and NHP, MHSCC updates and endorsement of reform plans, TSG updates, reforms and discussion, Updates on EPI program, Updates and reports from CBO and PLWD ခေါင်းစဉ်များဖြင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့ကြပါသည်။

 

     အဆိုပါအစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌဒေါက်တာစံရွှေဝင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ UNICEF၊ ADB၊ DFID၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ ပြည်သူလူထု အခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျန်းမာရေးစီမံချက်မန်နေဂျာများ နှင့် M-HSCC အဖွဲ့ဝင်များ စုစုပေါင်း (၁၁၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

 

More Tags